သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားတွေကို အကြမ်းဖက် နှိမ်နင်းမှု ရှုတ်ချပွဲ ရန်ကုန်နာရေးမှာ ပြုလုပ်


 ကျောင်းသားတွေကို အကြမ်းဖက် နှိမ်နင်းမှု ရှုတ်ချပွဲ ရန်ကုန်နာရေးမှာ ကျင်းပ- သတင်းဓာတ်ပုံ နာရေးကူညီမှုအသင်း (ရန်ကုန်)
ကျောင်းသားတွေကို အကြမ်းဖက် နှိမ်နင်းမှု ရှုတ်ချပွဲ ရန်ကုန်နာရေးမှာ ကျင်းပ- သတင်းဓာတ်ပုံ နာရေးကူညီမှုအသင်း (ရန်ကုန်)

လက်ပံတန်းမှာ သပိတ်မှောက်ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တာနဲ့ ပတ်သတ်ပြီး အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းပေးဖို့ နိုင်ငံရေးနဲ့ လူမှုရေး အလွှာ အသီးသီးက တောင်းဆို လိုက်ပါတယ်။ ဒီအစိုးရ သက်တမ်းအတွင်း အကြမ်းဖက် လုပ်ရပ်တွေ မကြာခဏ ဆိုသလို ကြုံတွေ့နေရတဲ့ အတွက် လာမယ့်ရွေးကောက်ပွဲ မှာ ပြည်သူတွေ ရဲ့ထောက်ခံမှု လျော့ကျ သွားနိုင် တယ်လို့ နိုင်ငံရေးနဲ့ လူမှုရေး နယ်ပယ် အသီးသီး က သတိပေးလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်း က မေခက ပေးပို့ထားပါတယ်။

လက်ပံတန်းမှာ သပိတ်မှောက် ကျောင်းသား ကျောင်းသူများကို အကြမ်းဖက်နှိမ်နင်းမှုနဲ့ ပတ်သတ်ပြီး နာရေးကူညီမှုအသင်း ရန်ကုန်က ကြီးမှူး ကျင်းပတဲ့ ရှုတ်ချပွဲ အခမ်းအနားမှာ နိုင်ငံရေး၊ လူမှုရေးအလွှာအသီးသီးက အကြမ်းဖက်နှိမ်နင်းမှုနဲ့ ပတ်သတ်ပြီး အစိုးရအနေနဲ့ ဥပဒေမဲ့လုပ်ဆောင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီအတွက်လည်း တာဝန်ယူဖြေရှင်းဖို့ကို အလွှာအသီးသီး ကတောင်းဆိုလိုက်တာပါ။

နာရေးကူညီမှုအသင်း ရန်ကုန်ဥက္ကဋ္ဌ ဦးကျော်သူကတော့ အစိုးရရဲ့ အကြမ်းဖက်နှိမ်နင်းမှုနဲ့ ပတ်သတ်ပြီး ခုလို ပြောပါတယ်။

နာရေးကူညီမှုအသင်း ရန်ကုန်-ဦးကျော်သူ
နာရေးကူညီမှုအသင်း ရန်ကုန်-ဦးကျော်သူ

" ကျနော်တို့နိုင်ငံလည်း ရှိခဲ့ဖူးပါတယ်။ တရုတ်-ဗမာအရေးအခင်း၊ တရုတ်ဗမာ အရေးအခင်းဆို အဆောက်အဦးတွေဖျက်တယ်။ မှန်တွေ ခွဲတယ်။ ရုံးတွေ ဖျက်ပစ်တယ်။ ဒါမျိုးတွေ အကြမ်းဖက်မှု တဘက်က ဆန္ဒပြသူတွေက အကြမ်းဖက်လာရင် ဒါ အကြမ်းဖက်နှိမ်နှင်းရမယ့် အတိုင်းအတာရှိတယ်လို့ ကျနော်မြင်တယ်။ အဲ့တော့ ဒီလိုငြိမ်းငြိမ်းချမ်းချမ်းနဲ့ဆန္ဒပြတဲ့ကလေးတွေကို ဒီလိုအကြမ်းဖက်တာကတော့ နိုင်ငံတကာ ဥပဒေမှာလည်း ဒီလိုဟာမျိုး နှိမ်နှင်းရမယ်ဆိုတာ ရှိတယ်လို့ ကျနော်ကတော့ မထင်ဘူး။ ဒီလိုကိုင်တွယ်မှုကတော့ လူမှုရေးသမားတယောက်အနေနဲ့ ပြောပြော၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတယောက်အနေနဲ့ ပြောပြော လူသားတယောက်အနေနဲ့ပဲပြောပြော လူသားစိတ်ပျောက်ပြီး အကြမ်းဖက်မှုလို့ ကျနော်တို့က မြင်တယ်။ မေတ္တာတရား ထားဖို့နေနေသာသာ လူလူချင်း စာနာဖို့ နေနေသာသာ ကျနော်တို့လို ဒီမှာ လူတွေအသက်ကို ကယ်နေတဲ့ သက်မဲ့ လူနာတင်ယာဉ်ကိုတောင်မှ ရိုက်နှက်ပြီး တုတ်နဲ့ရိုက်တာ ခြေထောက်နဲ့ကန်တာတို့ မှန်တွေခွဲတာတို့ဆိုတော့ တော်တော်လေး အရုပ်ဆိုး အကျည်းတန်တဲ့ ဖြစ်ရပ်လို့မြင်တယ်။"

အကြမ်းဖက်မှုရှုတ်ချပွဲ-
အကြမ်းဖက်မှုရှုတ်ချပွဲ-

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာညိုညိုသင်းကတော့ အကြမ်းဖက်နှိမ်နင်းမှုတွေဟာ ပြည်ထောင်စုအစိုးရမှာ လည်းတာဝန်ရှိသလို တိုင်းဒေသကြီးအစိုးရမှာလည်း တာဝန်ရှိတယ်လို့ပြောဆိုလိုက်ပြီး ဒါကိုဖြေရှင်းပေးဖို့တောင်းဆိုလိုက်ပါတယ်။

" ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြောမယ်ဆိုလို့ရှိရင်တော့ ပြည်ထောင်စု အစိုးရ သည် နိုင်ငံအနှံ့အပြားမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေအတွက် သူတို့မှာ တိုက်ရိုက်တာဝန်ရှိပါတယ်။ သို့သော် ဒီအကြမ်းဖက်လုပ်ရပ်ကို စနစ်တကျ မဟုတ်ပဲနဲ့ ကိုင်တွယ်ခဲ့တဲ့ ကိုယ်တိုင် ကိုယ်ကျ ကျူးလွန်ခဲ့တဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေမှာ တာဝန်မရှိဘူးလို့ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ အဲ့ဒီ့တာဝန်ယူမှု၊ တာဝန်ခံမှုကို စနစ်တကျ ဖော်ထုတ်ပေးဖို့ ကျမအနေနဲ့ တောင်းဆိုချင်ပါတယ်။"

ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် (NNER) ဥက္ကဌ ဒေါက်တာ သိန်းလွင်က အစိုးရရဲ့ကျောင်းသားတွေအပေါ်ဆက်ဆံမှုမှာ တရားမျှတမှု မရှိခဲ့ကြောင်း၊အစိုးရနဲ့ နောက်ထပ်ဆွေးနွေးပွဲတွေဆက်လက်လုပ်ဆောင်ရာမှာ ကျောင်းသား ပေါင်းစုံ တက်ရောက်စေလိုကြောင်း၊ တက်ရောက်ဖို့အတွက် အစိုးရအနေနဲ့လိုက်လျောဖို့လိုကြောင်း၊ အစိုးရရဲ့သဘောထား ကြီးမှုအပေါ်လိုက်ပြီး (NNER) အနေနဲ့ ဆွေးနွေးပွဲတွေဆက်လက်လုပ်ဆောင်ဖို့လိုမလိုကို စဉ်းစားသွားမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် (NNER)မှ ကိုစိုးထွန်းကတော့ အစိုးရအနေနဲ့ ညှိုနှိုင်းမှုတွေ ကိုပြောင်ပြောင် တင်းတင်း ဖောက်ဖျက် ကာ တရားဥပဒေ ထပ်ကျော်လွန် လုပ်ဆောင်ခဲ့ကြောင်း၊ ဒီလိုလုပ်ဆောင်မှုတွေနဲ့ပတ်သတ်ပြီး တရား ဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌအနေနဲ့လွှတ်တော်တွင်း တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း မျက်နှာလွှဲမနေ ဖို့ တိုက်တွန်းလိုက်ပါတယ်။

" ကျနော်တို့ လေးပွင့်ဆိုင် သဘောတူညီချက်မှာ ဘာကိုပြောထားသလဲ ဆိုရင် ကျောင်းသားတွေကို မဖမ်းရဘူး။ သပိတ်နဲ့ပတ်သက်လို့ အားပေးကူညီထောက်ခံသူကိုတောင် မဖမ်းရဘူးဆိုတဲ့ဟာမျိုး ကျနော်တို့ ကြေညာချက်မှာပါ ထည့်ပြောထားတယ်။ အဲ့လိုအချက်တွေ ရှိရက်သားနဲ့ အခုလို အကြမ်းဖက်နှိမ်နှင်းတဲ့ကိစ္စကို ကျနော်တို့ လက်မခံပါဘူး။ တရားဥပဒေ စိုးမိုးရေး ကော်မရှင်ဥက္ကဋ္ဌအနေနဲ့လည်း စုံစမ်းရေးကော်မရှင်ဖော် ထုတ်ဖို့လည်း ကျနော်တို့ တောင်းဆိုတယ်။

သရုပ်ဆောင် ဒါရိုက်တာ တဦးဖြစ်တဲ့ အကယ်ဒမီဇင်ဝိုင်းကလည်း အစိုးရ သက်တမ်းအတွင်း လုပ်ဆောင်ခဲ့တဲ့မတရားမှုတွေမှာ အဖြေမပေါ်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလို မေးခွန်းထုတ်လိုက်ပါတယ်။

"သံဃာတော်တွေကို မီးလောင်ဗုံးနဲ့ ထုခဲ့တဲ့ လက်သည်တရားခံ ဘယ်သူလဲ။ အခုထိ မပေါ်သေးပါဘူး။ ကိုအပါကြီးကို သတ်ခဲ့တဲ့သူ ဘယ်သူလဲ အခုထက်ထိ မသိသေးပါဘူး။ ဒေါ်ခင်ဝင်း အသက်ဆုံးခဲ့ရတာ ဘယ်သူ့ကြောင့်လဲ။ အခုထက်ထိ မပေါ်သေးပါဘူး။ ကျနော်တို့ ကျောင်းသားတွေကို အခုလိုမျိုး မတရား ရိုက်နှက်နှိပ်စက်ခဲ့တာ ဘယ်သူတာဝန်ခံမှာလဲ။ တာဝန်ယူမှာလဲ။

ဥပဒေပညာရှင်တဦးဖြစ်တဲ့ ရှေ့နေများကွန်ယက်က ဦးကြီးမြင့်ကလည်း တရားဥပဒေဘောင်ကိုကျော်လွန်ပြီးဆန္ဒပြသူတွေကို အရေးမယူသင့်ဘူးလို့ ထောက်ပြခဲ့ပါတယ်။

ဒီကနေ့ နာရေးကူညီမှုအသင်းမှာ အလွှာအသီးသီးက အစိုးရရဲ့အကြမ်းဖက်နှိမ်နင်းခဲ့မှုတွေနဲ့ ပတ်သတ်ပြီး ခုလိုတောင်းဆိုမှုတွေ လုပ်လိုက်တာပါ။ နာရေးကူညီမှုအသင်းရန်ကုန်က ကြီး မှုးကျင်းပတဲ့ ရှုံချပွဲ အခမ်းအနားကို နိုင်ငံရေး၊ လူမှုရေးအလွှာအသီးသီးအ ပါအဝင် ပြည်သူလူထု ၃၀၀ကျော်တက်ရောက်ခဲ့ပါတယ်။

XS
SM
MD
LG