သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံ စီမံကိန်း ပြန်စမည့် ကိစ္စ ဝိုင်းဝန်းကန့်ကွက်


ဧရာဝတီမြစ်ဖြတ်သန်းစီးဆင်းနေတဲ့ပုံ။
ဧရာဝတီမြစ်ဖြတ်သန်းစီးဆင်းနေတဲ့ပုံ။
မြစ်ဆုံစီမံကိန်းကို တရုတ် ကုမ္ပဏီတစ်ခု ဖြစ်တဲ့ CPI က ပြန်စဖို့လိုလားနေတယ် ဆိုပြီးတော့ ပြောဆိုပြီး တစ်ရက်အကြာမှာပဲ ပြည်တွင်းအရပ်ဖက် လူမှု အဖွဲ့အစည်းတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ပညာရှင်တွေကတော့ မြစ်ဆုံ စီမံကိန်းပြန် စမှာကို လုံးဝလက်မခံနိုင်ဘူးလို့ ပြောဆိုကြပါတယ်။ ဒါပေမဲ့ CPI ကုမ္ပဏီဘက်ကတော့ စီမံကိန်းပြန်စဖို့ သူတို့ အနေနဲ့ ဖွံဖြိုးရေး လုပ်ငန်းတွေ လုပ်ကိုင်ပြီးတော့ ဒေသခံတွေ စည်းရုံးခဲ့တယ်လို့လည်း ကချင်လူထု အခြေပြူအဖွဲ့တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြမှာပါ။

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပြန်လည်အကောင်အထည် ဖော်နိုင်ဖို့ အတွက် ၂၀၁၅ ရွေးကောက်ပွဲပြီး တက်လာမယ့် အစိုးရနဲ့ ညှိနှိုင်းသွားမယ်လို့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဧရာဝတီ မြစ်ညာ-မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်း ကုမ္ပဏီဥက္ကဋ္ဌက နိုင်ငံရေးပါတီတွေ နဲ့ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ ကို ပြောဆိုခဲ့တာပါ။ အခုလိုပြောဆိုပြီး တစ်ရက်အကြာမှာပဲ ကချင်လူထု တစ်ခုတည်း အတွက်သာမက မြန်မာတစ်နိုင်ငံလုံးနဲ့ သက်ဆိုင်နေတဲ့ ဧရာဝတီမြစ် မပျက်စီးရေးအတွက် ဒီစီမံကိန်းကို ပြန်စဖို့ မလိုလားဘူးလို့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်က မခွန်ဂျာက ပြောပါတယ်။

"ဧရာဝတီဟာ ကျမတို့မြန်မာတစ်နိုင်ငံလုံးနဲ့သက်ဆိုင်မှာဖြစ်တယ်။ ဧရာဝတီကို ထိတယ်ဆိုလို့ရှိရင်တော့ ဒီမြစ်ဆုံကို ထိတယ်ဆိုလို့ရှိရင် ဧရာဝတီကြီးက ရှိတော့မှာ မဟုတ်ဘူးလေ။ အဲတော့ တစ်နိုင်ငံလုံးမှာ ရှိတော့မှာ မဟုတ်တဲ့ အတွက်ကြောင့်မို့လို့ ဒီဧရာဝတီကြီးနဲ့ သူ့ရဲ့မြစ်ဖျားတွေ အကုန်လုံးကို ကာကွယ်ရမှာဖြစ်တယ်။ မြစ်ကြောင်းတစ်လျှောက်လုံးကို ကာကွယ် ရမှာဖြစ်တယ်ရှင့်"

CPI ကုမ္ပဏီ ဘက်ကတော့ ဒေသခံတွေရဲ့ ခွင့်ပြုချက်တွေ ရရင် ဒီစီမံကိန်းကို အကောင်အထည်ဖော်နိုင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူထု အခြေပြု လုပ်ငန်းတွေနဲ့ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်ပြီး အကောင် အထည်ဖော်ခွင့်ရရေး အပြင်းအထန် ကြိုးစားနေတယ်လို့လည်း မြစ်ဆုံဒေသ က ရွေ့ပြောင်းခံ ရွာသားတွေ ကပြောဆိုနေကြတာပါ။

CPI ကုမ္ပဏီဘက်ကတော့ သူတို့ အနေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေတယ် ဆိုပေမဲ့လည်း မူလ က လုပ်ကိုင်စားသောက်လို့ရတဲ့ ဒေသခံတွေ ရဲ့ ရပ်တည်မှုတွေကို သူတို့ ရွှေ့ပြောင်းလိုက်တဲ့အတွက် အဲဒီ နေရာတွေမှာ လုပ်ကိုင်စားသောက်လို့မရပဲ ကူညီပေးနေတဲ့သဘောလောက်ပဲ ရှိတယ်လို့ မခွန်ဂျာကပြောပါတယ်။ မြစ်ဆုံဒေသကို သွားရောက်ပြီး ဒေသခံတွေ ရဲ့ အခြေအနေ ဧရာဝတီ မြစ်ကြောင်းကိုလည်း သွားရောက်လေ့လာခဲ့ဖူးတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှုအဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဋ္ဌေးကြွယ်ကလည်း အစားထိုးလို့မရတဲ့ ဧရာဝတီ ပျက်စီးမဲ့ မြစ်ဆုံစီမံကိန်းကို မလိုလားဘူးလို့ ဗွီအိုအေကိုပြောပါတယ်။

"ကျနော်တို့ဆိုလိုနေတာက တကယ့်ဗျာ Apply Value တင်မဟုတ်ပါဘူး။ ဒီမြစ်ဆုံ ဆိုတဲ့ဟာကာ ကချင်ပြည်နယ်အတွက်ကော ကျနော်တို့ပြည်ထောင်စု တစ်ခုလုံးအတွက်ကော ဒါဟာ Cultural Value ပါ။ ယဉ်ကျေးမှုရဲ့တန်ဖိုးပါ။ တကယ် ကျနော်တို့စိတ်ထဲမှာ ထားထားတဲ့ Fundamental Value ပါ။ အဲဒီ Fundamental Value တွေကျတော့ ကျနော်တို့ထားထားတဲ့ ကျနော်တို့ ရင်တွင်းမှာ ထားထားတဲ့ဟာကို ဘာနဲ့အစားထိုးလို့ရနိုင်သလဲ ဆိုတာကတော့ ထည့်ပြီးတော့ စဉ်းစားသင့်ပါတယ်"

ဒီဇင်ဘာလ ၂၆ ရက်နေ့တုန်းက တရုတ်နိုင်ငံ ရဲ့ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ China Power Investment Corporation ဟာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် မှာ မြစ်ဆုံနဲ့ပတ်သက်တဲ့ လူမှုရေးတာဝန်ရှိမှု နဲ့ပတ်သက်တဲ့ အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့တာပါ။ အဲဒီ့အစီရင်ခံစာမှာဆိုရင် ၂၀၁၀ ကနေ ၂၀၁၂ ထိ CPI က လုပ်ပေးထားတဲ့ လူမှုရေးလုပ်ငန်းတွေ ကို ဖော်ပြထားတာဖြစ်ပါတယ်။

လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ အခုလို စီမံကိန်းရပ်တန့်ထားပေမဲ့ အရင် အစိုးရလက်ထက်က စာချုပ်အပေါ်မှာတော့ လေးစား လိုက်နာသင့်တယ် လို့လည်း CPI ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာကလည်းပြောခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ကလုပ်ခဲ့တဲ့ပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က စီမံကိန်း လုပ်မယ်ဆိုရင် ဒေသခံတွေ ရဲ့ အကျိုးစီပွားကို အသေအချာ ဂရုစိုက်ဖို့ ကုမ္မဏီမှာ တာဝန်ရှိတယ်လို့လည်းပြောပါတယ်။

"ရေအားလျှပ်စစ်လုပ်တာ သက်သက်ကတော့ ဒါဟာ ပြသနာ မဟုတ်ဘူးလေ။ ဒါပေမဲ့လို့ အခုဟာက မြစ်ဆုံ စီမံကိန်းကျတော့ နိုင်ငံရေးပြဿနာ ပါဖြစ်လာပြီလေ။ နောက်ပြီးတော့ တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေ ရှိလာတယ်။ အဲဒီတော့ အဲဒီဟာတွေကို ထည့်မတွက်ဘဲနဲ့ စီးပွါးရေးအမြင် သပ်သပ်ပေါ့ဗျာ Development Sector တစ်ခုတည်းနဲ့ကြည့်ပြီး လုပ်လို့မရတော့ဘူးလို့ ကျနော်ထင်ပါတယ်။"

ကချင်ပြည်နယ် ဧရာဝတီမြစ်အထက် မေခနဲ့ မလိခမြစ်ပေါ်မှာ ရေကာတာ ခုနစ်ခု တည်ဆောက်ဖို့ ၂၀၀၆ ခုနှစ်က စစ်အစိုးရနဲ့ China Power Investment Corporation တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖို့ နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြတာပါ။

ဒါပေမဲ့ မြန်မာပြည်သူတွေက ဒီစီမံကိန်းကို ပြည်လုံးကျွတ် ကန့်ကွက် ဆန္ဒ ထုတ်ဖော်ကြတဲ့အတွက် သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို သူ့အစိုးရ လက်ထက်မှာ ရပ်ဆိုင်းထားမယ်ဆိုပြီးတော့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် အမိန့်ထုတ်ခဲ့တာပါ။

အခုလို မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းထားခံရတာဟာ အစောပိုင်း ကာလထဲက CPI အနေနဲ့ သဘာဝပတ်ဝန်းကျင် ဆန်းစစ်မှုတွေကို သေချာမလုပ်ခဲ့လို့ အခုလို စီမံကိန်းကို ရပ်တန့် ထားရတာလို့လည်း Eco-Dev အဖွဲ့က သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူကပြောပါတယ်။

"ဒီ မြစ်ဆုံဆည် ရပ်တံ့သွားရတဲ့ အကြောင်းရင်းက သူတို့အနေနဲ့ ကုမ္ပဏီ အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို စနစ်တကျမလုပ်ဘဲနဲ့ ဖြတ်ကျော် လုပ်တဲ့အတွက် သူတို့ ဒီဆိုးကျိုးကို ခံစားရတာပေါ့။ ဥပမာ ပါတ်ဝန်းကျင်ရေးရာ ဆန်းစစ်ခြင်းတို့လုပ်ငန်းမျိုးတွေလုပ်ပြီးတော့မှ စီမံကိန်းကြီးကို အကောင်အထည်ဖော် သင့်တာပေါ့။ ပါတ်ဝန်းကျင်ရေးရာဆန်းစစ်မှုတွေ လုပ်တယ်ဆိုရင် တွေ့ရှိချက်တွေကို လူထုကိုချပြ။ လူထုက ဘယ်လိုမြင်လဲပေါ့။ လူထုကအမြင်ပေါ်မူတည်ပြီးတော့မှ သူတို့က ဒီစီမံကိန်းကိုလုပ်သင့်တာလေ။ လူထုကကို မကြိုက်ဘူးဆိုရင်တော့ ဒီစီမံကိန်းက ရပ်သွားမှာပဲပေါ့"

မြစ်ဆုံစီမံကိန်းကို ရပ်တန့်ထားတဲ့ အတွက် CPI ကုမ္ပဏီအနေနဲ့ တစ်နှစ်ကို ဒေါ်လာ သန်း ငါးရာ နှစ်စဉ် ကုန်ကျနေပြီးတော့ လက်ရှိအချိန်မှာ စီမံကိန်း ရပ်ဆိုင်းထားချိန် ၂ နှစ် အတွင်း သန်း ၁ ထောင်ကျော် ဆုံးရှုံးနေတယ်လို့ CPI က တရားဝင်ပြောဆိုထားပါတယ်။
XS
SM
MD
LG