သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာဘူးလ်လေဆိပ်မှာ ထိတ်လန့်တကြားတိုးဝှေ့နေတဲ့ လူအုပ်ကြောင့် အနည်းဆုံး ၅ ဦးသေဆုံး


ပရမ်းပတာဖြစ်နေတဲ့ ကာဘူးလ်လေဆိပ်မှာ အမေရိကန်စစ်သားတဦးက အာဖဂန်ခရီးသည်တဦးကို သေနတ်နဲ့ ချိန်ရွယ်နေစဉ် (သြဂုတ် ၁၆၊ ၂၀၂၁)
ပရမ်းပတာဖြစ်နေတဲ့ ကာဘူးလ်လေဆိပ်မှာ အမေရိကန်စစ်သားတဦးက အာဖဂန်ခရီးသည်တဦးကို သေနတ်နဲ့ ချိန်ရွယ်နေစဉ် (သြဂုတ် ၁၆၊ ၂၀၂၁)

တာလီဘန်တွေ ကာဘူးလ် မြို့တော်မှာ နေရာယူထားပြီးနောက်တနေ့ဖြစ်တဲ့ တနင်္လာနေ့မှာတော့ ကာဘူးလ် နိုင်ငံတကာလေဆိပ်မှာ ထောင်နဲ့ချီတဲ့ ပြည်ပထွက်ခွါမယ့် ဗျာများနေသူတွေကို တွေ့နေရပါတယ်။ လေဆိပ်မှာရှိတဲ့ အမေရိကန်စစ်သားတွေက လုံခြုံရေးအတွက် သတိပေးသေနတ်ပစ်ဖေါက်တာတွေ ရှိနေသလို အနောက်နိုင်ငံတချို့ကလည်း သူတို့ နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ အစီစဉ်တွေ လုပ်နေကြတာပါ။ အဲဒီထဲမှာ အနှစ် ၂၀ ကျော် အာဖဂန်ပြည်တွင်းစစ် စတင်ကတည်းက နိုင်ငံခြားအဖွဲ့အစည်းတွေအတွက် အလုပ်လုပ်နေသူတွေ၊ အကူအညီပေးနေသူတွေ လည်းပါပါတယ်။
ပရမ်းပတာ ဖြစ်နေတဲ့ လေဆိပ်က ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ကြား သေဆုံးရသူက အနည်းဆုံး ၅ ဦးလောက်ရှိနေတာပါ။
လေယဉ်ပြေးလမ်း ထဲ၊ လေယာဉ်လှေကားပေါ် အထိ လူအုပ်ကြီးတိုးဝင်လာတဲ့ ဗီဒီယိုတွေလည်း တွေ့နေရပါတယ်။ အမေရိကန်နဲ့ ဗြိတိန်လေကြောင်းလိုင်း အပါအဝင် တချို့လေကြောင်းလိုင်းတွေက အာဖဂန်ဝေဟင်ပိုင်နက်ပေါ် ဖြတ်မပျံဘူးလို့ ပြောနေသလို Emirate နဲ့ ပါကစ္စတန်လေကြောင်းလိုင်းတွေကတော့ ကာဘူးလ် ခရီးစဉ်တွေကို ရပ်ထားပြီလို့ ပြောပါတယ်။ အာဖဂန်က နိုင်ငံတကာ သံရုံးတွေကလည်း သူတို့ ဝန်ထမ်းတွေကို အာဖဂန်ကနေ ပြန်ခေါ်ထုတ်ဖို့ လုပ်နေကြတာပါ။ အီတလီ၊ ဆော်ဒီအာရေဗျ၊ ပြင်သစ်၊ ဆွီဒင်၊ နယူးဇီလန်၊ သြစတေးလျနဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံတွေကတော့ သူတို့ နိုင်ငံသားတွေကို တနင်္လာနေ့မှာပဲ ခေါ်ထုတ်ဖို့ စီစဉ်နေတာပါ။
အမေရိကန် ပင်တာဂွန်စစ်ဌာနချုပ် ပြောခွင့်ရ John Kirby ကတော့ ကာဘူးလ်က Hamid Karzai နိုင်ငံတကာလေဆိပ်မှာ လုံခြုံရေး အခြေနေကြောင့် လေကြောင်းသွားလာမှုတွေ နာရီအတော်ကြာ ရပ်ဆိုင်းနေတာကြောင့် လုံခြုံရေးအတွက် တိုးချထားတဲ့ အမေရိကန် တပ်တွေ မဝင်နိုင်သေးသလို အဲဒီက ထွက်ခွါမယ့် သူတွေလည်း မထွက်ခွါ နိုင်ပဲ ဖြစ်နေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တနင်္ဂနွေနေ့တုန်းက Qatar မှာ တာလီဘန်တွေနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန်တပ်မှုးကြီး ဗိုလ်ချုပ် Frank McKenzie ကတော့-
အာဖဂန်က လူအများအပြားကို ခေါ်ထုတ်ဖို့ လုပ်နေတာကို တာလီဘန်တွေ အနှောက်အယှက်ပေးဖို့ ကြိုးစားရင် အမေရိကန်တပ်တွေက တုန့်ပြန်မှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ကာကွယ်ရေးဌာန အကြီးတန်း အရာရှိကြီးတွေက ပြောပါတယ်။

----------------------------------------------------------




XS
SM
MD
LG