သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရတပ်နဲ့ ရှမ်းမြောက်ပိုင်းတပ် တိုက်ပွဲပြင်းထန်


ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းတပ်ဖွဲ့။
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းတပ်ဖွဲ့။

ဒီကနေ့ မနက် ၈ နာရီကနေ နေ့ခင်း ၁၂ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသတွင်း မှာ အစိုးရဖက်က တပ်အင်အားတွေ တိုးချဲ့ချထားလာတယ်လို့ ရှမ်းတပ်ဖွဲ့ ဘက်က ပြောဆိုပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ တလ လောက်သာ လိုတော့တဲ့ အချိန်မှာ အခုလို တိုက်ပွဲဖြစ်ပွားတာကြောင့် ရွေးကောက်ပွဲကို ထိခိုက်လာနိုင်တဲ့ အခြေအနေရှိနေကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်အတွင်းမှာ တည်ရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းတပ်ဖွဲ့ ဌာနချုပ် ဝမ်ဟိုင်းအနီးမှာ ဒီရက်ပိုင်းအတွင်း အစိုးရဖက်က တပ်အင်အားတွေ တိုးမြှင့်ချထားကြောင်း သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် ဒီကနေ့ မနက်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီနေ့ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို SSPP/SSA မြောက်ပိုင်း တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းလ က အခုလို ပြောပါတယ်။

“ဖြစ်တာက ဒီနေ့မနက် ၈ နာရီကနေပြီးတော့ ၁၂ နာရီ ဝန်းကျင်အထိ ပေါ့နော်။ သူတို့အရင် ဖယ်ခိုင်းတဲ့နေရာကနေ တာဆန်ဖူးကတို့ အဲဒီနေရာတဝိုက်ပါ။ ကျနော်တို့ ဝမ်ဟိုင်းဌာနချုပ်နဲ့ဆိုရင် ၁၀ မိုင်တဝိုက်ပါ။ ၁၀ မိုင်ဝန်းကျင်လောက်ပဲ ရှိမယ်။ အဲဒီတဝိုက်မှာ သူတို့က လှုပ်ရှားထားတာ ယဉ်အား ၁၀၀ ခန့်တော့ ရှိတယ်လေ။ အဲဒီ တာကြီးဖက်ကနေပြီးတော့ အင်အား ၂၀၀ ကျော်လောက် ထပ်လာပြီးတော့ ကျနော်တို့ တပ်စခန်းကို သူတို့က ဝင်ပြီးတော့ တိုက်တယ်လေ။ အခုလည်း ကျိုကြားကျိုကြား တိုက်နေတာရှိတယ်။”

ဝမ်ဟိုင်းဌာနချုပ် အနောက်ဖက် ကျေးသီးမြို့နယ်အတွင်းမှာလည်း အစိုးရဖက်က တပ်အင်အားတွေ တိုးမြှင့် ချထားတယ်လို့ ပြောပါတယ်။

“အဲဒီကျေးသီးမြို့နယ် ဘက်လည်းသူတို့ရှိတယ်လေ။ နောက်ကျနော်တို့ အဲဒီ ဝမ်ဟိုင်းနားက ကျိုမခေါင်း သူတို့တပ်စခန်းနားက အဲဒီမှာလည်း သူတို့ အင်အား၁၀၀ ကျော်လောက် သူတို့လာထားတယ်လေ။ တောင်ကုန်းပေါ်မှာ။ သူတို့ အဲဒီနဲနဲတော့ တမြို့လုံးဖြစ်နေတယ်ပေါ့နော်။သုူတို့အင်အားထပ်ဖြည့်တဲ့ ပုံစံပါပဲ။ ကျနော်တို့ NCA လက်မှတ်ထိုးခါနီး အချိန်မှာ သူတို့တပ်တွေက အင်အား ထပ်ဖြည့်တာတွေ ရှိနေတယ်လေ။သဘောက ကျနော်တို့ကို လက်မှတ်မထိုးရင် ဝင်တိုက်မယ်လို့ ဘာတို့ အဲဒီလိုမျိုးခြိမ်းခြောက်နေတဲ့ သဘောတော့ သက်ရောက်နေ တယ်ပေါ့လေ။”

တိုက်ပွဲဖြစ်ပွားရာ အနီးက အရပ်သားတွေဟာ တခြားကို ထွက်ပြေး တိမ်းရှောင်တာတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ အတည်ပြုချက်တော့ မရသေးပါဘူး။

ဒီနေ့ နေ့ခင်းပိုင်းကလည်း ကျောက်မဲမြို့နယ်အတွင်းမှာ တအာင်းခေါ် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဖွဲ့ TNLA နဲ့ အစိုးရတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ် လို့ ပလောင်အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်က ပြောပါတယ်။

“ဒီနေ့ ၁၂ နာရီခွဲလောက်မှာ ပန်ဖြစ်ရွာနဲ့ ရွာဆိုင်ရွာကြားမှာဖြစ်တယ်။ ဒီတိုက်ပွဲက ၁၂ နာရီခွဲလောက်မှာ စတယ်။ ၁ နာရီလောက်အထိဖြစ် တယ်။အခုအချိန် အထိ နှစ်ဖက်စလုံးက အခြေအနေမှန်မရသေးဘူး။”

မိုင်အိုက်ကျော်ပြောသွားတာက ဒီကနေ့ ၁၂ ခွဲလောက်မှာ တိုက်ပွဲစဖြစ်ပြီး နေ့ခင်း ၃နာရီလောက်အထိ တိုက်ပွဲက မပြီးသေးကြောင်းနဲ့ အထိအခိုက်သတင်းတော့ မကြားသိရသေးကြောင်း ပြောသွားတာဖြစ်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ မူဆယ်မြို့နယ်အတွင်းမှာလည်း ကချင်လွတ်လပ်ရေး အဖွဲ့ KIA နဲ့ အစိုးရတပ်အကြား တိုက်ပွဲငယ်တွေ ဖြစ်ပွားတာ ရှိကြောင်း ကချင်တပ်ဖွဲ့က စစ်ရေးတာဝန်ခံတဦးက ပြောပါတယ်။

အခုလို ရှမ်းပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒီဒေသတွေမှာ စည်းရုံးရေး လုပ်ဆောင်ဖို့အတွက် အခက်အခဲရှိလာသလို ရွေးကောက်ပွဲကိုလည်း ထိခိုက်လာနိုင်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။

“စည်းရုံးရေးကိစ္စတွေမှာ ထိခိုက်တာပေါ့။ စည်းရုံးရေးကိစ္စတွေမှာ ထိခိုက်နိုင်တယ်။ နောက်ပြီးတော့ ဒီမဲပေးနိုင်တဲ့ နေရာတွေကို အနက်ရောင်နယ်မြေ သက်မှတ်ပြီးတော့ မဲမပေးပဲနဲ့ ထားလိုက်တဲ့ အခြေအနေ မျိုးရောက်ချင် ရောက်သွားနိုင်တယ်။”

ပြီးခဲ့တဲ့ လလည်ပိုင်းကလည်း ရှမ်းပြည်နယ် တောင်ပိုင်းဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ် ပွားခဲ့တာကြောင့် နိုင်ငံရေးပါတီတွေကို မြို့နယ် ၁၆ မြို့နယ်မှာ မဲဆွယ် စည်းရုံးတာတွေ ယာယီရပ်နားဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် မြန်မာ့တပ်မတော်နဲ့ ပြန်လည် ညှိနှိုင်းမှုတွေ လုပ်ပြီးနောက် အဲဒီ ၁၆ မြို့နယ်တွင်း ရွေးကောက်ပွဲ စည်းရုံးရေးတွေကို အခု အောက်တိုဘာ ၁ ရက်နေ့ကစပြီး ပြန်လည် ခွင့်ပြုခဲ့ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ် NCA သြဂုတ်လ အတွင်းက အတည်ပြုထားပြီး ဒီလ ၁၅ရက်နေ့မှာ အဖွဲ့ ၈ ဖွဲ့နဲ့ စတင် လက်မှတ်ရေးထိုးကြမှာဖြစ်ပါတယ်။SSPP/SSA မြောက်ပိုင်း၊ TNLA နဲ့ KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့ကတော့ အဖွဲ့အားလုံး ပါဝင်ရေးမူကို အစိုးရက လက်မခံတာကြောင့် လက်မှတ်ရေးထိုးပွဲမှာ လတ်တလော ပါဝင်ဖို့ကို ငြင်းဆိုထားကြပါတယ်။

XS
SM
MD
LG