ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅) အခြေစိုက် လှုပ်ရှားနေတဲ့ ထိမ်းချုပ်နယ်မြေ ဖာပွန်ခရိုင်ထဲက စစ်ကောင်စီ တပ်စခန်းတခုကို မကြာသေးခင်ကပဲ KNLA နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး နောက်ဆက်တွဲ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ KNLA တပ်ဖွဲ့တွေနဲ့ တိုက်ပွဲထောင်ချီ ဖြစ်ခဲ့သလို၊ ဒီနှစ်ထဲအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)၊ထိမ်းချုပ်နယ်မြေ ဒွယ်လိုးမြို့နယ်၊ ဖာပွန်-ကမမောင်းလမ်းပိုင်းမှာရှိတဲ့ ကတိုင်တိ စစ်ကောင်စီတပ်စခန်းကို KNLA /PDF ပူးပေါင်းတပ်တွေက ရှင်းလင်းခဲ့ပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
"အဲဒီမှာ ဟောင်ဝစ်ဇာ လက်နက်ကြီး ၂ လက် ရှိတယ်။ အဲဒီ ၂ လက်ကိုလည်း စကစဘက်က ဖျက်ဆီးသွားတယ်။ ကတိုင်ထိစခန်းကိုလည်း kNU က ထိန်းချုပ်ထားတယ်လို့လည်း ပြောလို့ရသလို၊ အလုံးစုံထိန်းချုပ်နိုင်တယ်လို့လည်း ပြောလို့မရဘူး။ ဝင်ရှင်းပြီးတော့ ဟောင်ဝစ်ဇာတွေ လက်နက်အတော်များများကိုလည်း စစ်ကောင်စီဘက်က ဖျက်သွားတယ်။ ဖျက်သွားတော့ ကတိုင်ထိ စခန်းထဲက အိမ်တွေ၊ စျေးဆိုင်တန်းတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ စခန်းကတော့ ကတိုင်ထိဝန်းကျင်နားမှာပဲ လှုပ်ရှားနေသေးတာ ရှိတယ်။"
စစ်ကောင်စီဘက်က အခြေချစခန်းတွေ သိတ်မကျန်တော့သလို ကတိုင်ထိက ထွက်ပြေးသွားတဲ့ စစ်သားတွကတော့ အနီးနားက BGF စခန်းတွေမှာနေပြီး ဆက်ပြီးတိုက်နေတာ တွေရှိနေပါတယ်။ အခုဆိုရင် ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်ရာနယ်မြေထဲမှာ ကတိုင်ထိစခန်းပြီးရင် စခန်း ၂ ခုလောက်သာ ကျန်တော့တယ်လို့လည်း ပြောပါတယ်။
"အဲဒီ စခန်းတွေ ကုန်သွားရင်တော့ ကမမောင်းနဲ့ ဖာပွန်ဗျူဟာပဲ ကျန်တော့မယ်။ ကတိုင်ထိကတော့ ဒွယ်လိုးမြို့နယ်ထဲမှာ ရှိတယ်။ ဖာပွန်ဗျူဟာကတော့ ဘူးသိုမြို့နယ်ထဲမှာ ပါတယ်။ တိုက်ပွဲကတော့ ဆက်ရှိနေတယ်။ ကျနော်တို့နေရာကတောင် လက်နက်ကြီးနဲ့ ပစ်သံကို နေ့တိုင်းလိုလို ကြားနေရပါတယ်။"
ကတိုင်ထိစခန်းက စစ်သားတွေဟာ BGF ၁၀၁၃ တပ်ရင်း စခန်းဟောင်းကို ပြောင်းရွေ့နေထိုင်နေပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာကစပြီး၊ စစ်ကောင်စီရဲ့ ကတိုင်တိစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA /PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တာကြောင့် လေကြောင်းတိုက်ခိုက်မူ့တွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ ဒေသခံတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ကရင်အမျိုသားအစည်းအရုံးက ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် တနှစ်အတွင်း စစ်ကောင်စီနဲ့ ကေအန်ယူတို့ဟာ တိုက်ပွဲငယ်ပေါင်း (၃၂၂၉) ကြိမ်ထပ်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၃၁၃၆) ဦး သေဆုံးခဲ့ရပြီး (၂၂၂၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ကေအန်ယူရဲ့ နှစ်ချုပ်စာရင်းမှာ ဖော်ပြထားပါတယ်။
ကေအန်ယူနဲ့ ပူးပေါင်းတပ်တွေဘက်က အင်အား ၁၀၀ ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၃၂၅) ဦးခန့်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
Forum