သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ပင်လုံညီလာခံ ပြင်ဆင်ချိန် ကချင်နဲ့ရှမ်းပြည်နယ်မှာ တိုက်ပွဲဖြစ်ပွား


(၂၁)ရာစုပင်လုံ ညီလာခံ
(၂၁)ရာစုပင်လုံ ညီလာခံ

လာမယ့်သီတင်းပတ်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နေပြည်တော်မှာ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက် ပိုင်း ဒေသဖက်တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ရှမ်းပြည်နယ် အတွင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲမှာတော့အရပ်သား၂ယောက် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ ဒီတိုက်ပွဲ တွေကြောင့် လက်ရှိကျင်းပမယ့် ငြိမ်းချမ်းရေး ညီလာခံအပေါ်မှာ ရိုက်ခတ်တာတွေ ရှိနိုင်ကြောင်း သုံးသပ်တာတွေလည်း ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်း ရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လက်ရှိကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံကို တိုင်းရင်းသားလက်နက်ကိုင် အဖွ့ဲတွေ အားလုံးနီးပါး ပါဝင် တက်ရောက် ဖို့ ပြင်ဆင်နေချိန်မှာပဲ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချို့အကြားမှာ တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လောလောဆည်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကတော့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းမှာဖြစ်ပြီး ကချင်ပြည်နယ်က တိုက်ပွဲ အခြေအနေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။

"ဒီမနက်ကတော့ ကေအိုင်အေ တပ်ရင်း(၃) နဲ့ ရှေ့တန်း ကာကင်းပိုး ဖြစ်တဲ့ နိုင်ဖွန် ဆိုတဲ့နေရာမှာ တိုက်ပွဲဖြစ်ပါတယ်။ တပ်မတော်ဘက်က လာပြီးမှ ထိုးစစ်ဆင်တယ် လို့ ကြားပါတယ်။ အသေးစိတ်တော့ မသိဘူး ဒါပေမဲ့ စစ်ကြောင်းနှစ်ကြောင်းနဲ့ လာပြီးမှ ဝင်တိုက်တယ်လို့ကြားရတယ်။ ဒီမနက် အစောကြီးက ဖြစ်တယ်လို့ ကြားပါတယ်။"

ဒီတိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်ပြီး အစိုးရတပ်မတော်ဘက်က သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ ဆဒုံးကနေ ဝိုင်းမော်ကို ဆင်းလာတဲ့ အစိုးရ တပ်မတော် ယာဉ်တန်းကို KIA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ကြောင်းနဲ့ တပ်မတော်ဘက်က ထိခိုက် ကျဆုံးတာတွေ ရှိကြောင်း KNG ခေါ် ကချင် သတင်းဌာနက ဒီနေ့ဖော်ပြထားပါတယ်။

ဒုဗိုလ်မှူးကြီးနော်ဘူကတော့ ဒီသတင်း မကြားသိရကြောင်း အခုလို ပြောပါတယ်။

" ကျနော်တို့တော့ မကြားမိပါဘူး။ လွန်ခဲ့တဲ့နှစ်ပတ်လောက် အရင်ကတော့ တိုက်ပွဲဖြစ်တယ်ကြားပါတယ်။ ဒါပေမဲ့ ဒီဘက်ပိုင်းကတော့ မကြားဘူး ခင်ဗျ။ ဒီသတင်းကတော့။"

ပြီးခဲ့တဲ့ရက်တွေကတော့ ဝိုင်းမော်၊ဖားကန့်နဲ့ တနိုင်းဒေသဘက်တွေမှာလည်း အစိုးရတပ်မတော်နဲ့ KIAအကြား မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲကတော့ ဒီလ ၂၅ရက်နေ့ညနေပိုင်းက နမ့်ခမ်းမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ PSLF/ TNLA ခေါ် တအာန်း(ပလောင်) တပ်ဖွဲ့အကြား ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားတဲ့ အခြေအနေကို နမ့်ခမ်းမြို့နယ်က ဒေသခံတဦးက အခုလို ပြောပါတယ်။

"မနေ့တုန်းက ခြောက်နာရီလောက်ကစပြီးတော့ ခြောက်နာရီခွဲအထိပေါ့ လက်နက်ငယ် အနေနဲ့ ပစ်ကြတာ။ လက်နက်ကြီးနဲ့ ပစ်တာတော့ နှစ်ချက်၊ သုံးချက်တော့ ကြားတယ်။ ဒီအတိုင်း ပစ်ရင်း၊ ပစ်ရင်းနဲ့ ကျည်ဆံက ဘယ်ကလာလဲတော့ မသိဘူး။ ရွာသားနှစ်ဦးတော့ ခြေထောက် ထိသွားတယ်။ ဖြစ်ဖြစ်ချင်း နမ့်ခမ်းဆေးရုံကို လွှဲတယ်။ နမ့်ခမ်းဆေးရုံက အဆင်မပြေတော့ မူဆယ်ဆေးရုံကို လွှဲတယ်။ မူဆယ်ကို လွှဲတော့ နောက်တယောက်က အရိုးထိသွားတာနဲ့တူတယ်။ သူက မူဆယ်မှာ အရိုးဆရာဝန်ကြီး မရှိလို့ လားရှိုးအထိ လွှဲလိုက်တယ်လို့ပြောတယ်။"

ညဖက်ပိုင်းမှာတော့ ကောင်းတပ်ရွာအနီးမှာ လက်နက်ကြီးပေါက်ကွဲ သံတွေကြား ရကြောင်းလည်း ပြောပါတယ်။

ငြိမ်းချမ်းရေးညီလာခံ ကျင်းပမယ့်အချိန်မှာ အခုလို တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အပေါ် မှာတော့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ရဲ့ တွဲဘက်အတွင်းရေးမှူး ဦးထွန်းဇော်က အခုလို ပြောဆိုပါတယ်။

" ပင်လုံညီလာခံ အစည်းအဝေးတက်တော့မယ်၊ တက်ဖို့အတွက် လည်း ပြင်ဆင်နေပြီ။ အဲ့လို အခြေအနေမျိုးမှာ ဒီလိုဖြစ်တာကတော့ လုံးဝ မသင့်တော်ဘူးလို့ ကျနော်မြင်တယ်။ ဒါက အစိုးရဘက်ကနေပြီးတော့မှ တပ်မတော်နဲ့ အသေအချာညှိပြီးတော့မှ လုပ်ဖို့ လိုတယ်လို့ မြင်ပါတယ်။ အဲ့ဒီ့မြေပြင်အခြေအနေက ကျနော်တို့ စားပွဲဝိုင်းကို လာပြီးရိုက်ခတ်လိမ့်မယ်လို့ ကျနော်တို့မြင်ပါတယ်။"

အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ PSLF/TNLA ခေါ် တအာန်း(ပလောင်) တပ်ဖွဲ့နဲ့ KIAတပ်ဖွဲ့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးမထား တဲ့ အဖွဲ့တွေဖြစ်ပါတယ်။ လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကိုတော့ KIAအဖွဲ့က အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ဖွဲ့နဲ့အတူ ပါဝင်တက်ရောက်ဖို့ ပြင်ဆင်ထားပေမဲ့ တအာန်း(ပလောင်) တပ်ဖွဲ့ကတော့ ဖိတ်ကြားမယ် မဖိတ်ကြားဘူးဆိုတာ မရေမရာရှိနေပြီး ဖိတ်ကြားရင်တော့ တက်ရောက်ဖို့ရှိကြောင်း တအာန်း(ပလောင်)တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG