သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကျင်မြို့နယ် တိုက်ပွဲတွေကြောင့် ဒေသခံ ထောင်သောင်းချီတိမ်းရှောင်


လက်နက်ကြီးထိတဲ့ ဒေသခံများ (ဓါတ်ပုံ - KNU)
လက်နက်ကြီးထိတဲ့ ဒေသခံများ (ဓါတ်ပုံ - KNU)

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ဒေသအခေါ် ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ကြား တိုက်ပွဲတွေကြောင့် ဒေသခံထောင်သောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃) အခြေစိုက်လှုပ်ရှားတဲ့ဒေသက နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ပဲခူးတိုင်းရွှေကျင်မြို့နယ် ဒေသ အခေါ် ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တိုက်ပွဲတွေဖြစ်နေပြီးစစ်ကောင်စီဘက်က ဖမ်းဆီးနှိပ်စက်မူတွေရှိတာကြောင့် ကျေးရွာပေါင်း (၁၆) ရွာက ပြည်သူ ၁၄၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံးကလည်း သတင်းထုတ်ပြန်ထားပါတယ်။ အခုဆိုရင် ထွက်ပြေးနေရသူ လူဦးရေ ၁၅၀၀၀ လောက်ရှိလာပြီလို့ဒေသခံတဦးကပြောဆိုပါတယ်။

"ဇူလိုင်လ (၉) ရက်နေ့က ခမလ၂၆၄ ပိန်းဇလုပ်စခန်းကနေ ချုံအင်းကျေးရွာနဲ့ ကောက်မယ့်သူကျေးရွာတွင်းသို့ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့တယ်။ ရွာသားတွေက လန့်ပြီးထွက်ပြေးရတယ်။ ဇူလိုင်လ (၁၂) ရက်နေ့ကလည်း ခလရ-၂၆၄ ချုံအင်းကျေးရွာနဲ့ ကောက်မယ့်သူကျေးရွာ ဂွေးကုန်းကျေးရွာကို လက်နက်ကြီးနဲ့ပစ်တာ အိမ် ၃ လုံးလည်း ပျက်စီးသွားတယ်။ နောက်ခမရ ၂၀ ခလရ ၂၆၄ကပဲ ချုံအင်းကျေးရွာနဲ့ ကောက်မယ့်သူကျေးရွာ ဂွေးကုန်းကျေးရွာကို လက်နက်ကြီးနဲ့ ၁၄လုံးပစ်တာ အဲဒီနားက ကျေးရွာတွေ ၇ ရွာလုံး အကုန်လုံးထွက်ပြေးရတယ်။ အခုဆို မနေရဲတော့ဘူး။ ကေအန်ယူနဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်တော့ ဆောထိမြိုံ့နယ်ထဲက ကျေးရွာတွေ ၁၆ ရွာလောက်ရှိတယ် ထွက်ပြေးရတာ လူဦးရေ ၁၅၀၀၀ လောက်ရှိတယ်။"

စစ်ပွဲကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရတဲ့ ကျေးရွာတွေကတော့ ပျဉ်ရေ၊ ဝိုင်ကျွန်း၊ သိုက်တူးကုန်း၊ ညောင်ပင်ကြီးရွာသစ်၊ ညောင်ပင်ကြီး ရွာမ၊ စပ်စု၊ သက်ကယ်ကုန်း၊ အင်္ဂနီ၊ ကျောက်တန်း၊ စံဖဲ စတဲ့ကျေးရွာတွေဖြစ်ပြီး လူဦးရေကတော့ ၁၁၀၀၀ ကျော်ရှိပြီး၊ အောက်မိုးခို၊ ရွှေခဲစု၊ အင်းကျိုက်၊ အင်းပုဝါ၊ ဂွေးကုန်း၊ ချုံအင်းနှင့် ကောက်မယ့်သူရွာတွေကတော့ လူဦးရေ ၃၀၀၀ ကျော်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံးကလည်း တရားဝင်သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဇူလိုင်လ ၆ ရက်နေ့ကနေ ၁၁ ရက်နေ့အတွင်း အဲဒီ ဒေသက ဒေသခံ ၂၀ ထက် မနည်းဖမ်းဆီးသွားတာကြောင့် ဒေသခံတွေက ရွာတွေမှာ မနေရဲတော့ဘဲ ထွက်ပြေးနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

"သူတို့ဖမ်းတာတော့ ဆက်တိုက်ဖမ်းနေတာပဲ။ လမ်းမှာတွေ့တဲ့သူတွေကို ဖမ်းတယ်။ ဈေးဝယ်သွားသူတွေကို ဖမ်းတယ်။ ဖမ်းပြီးရင် ပြန်လွတ်တာတွေတော့ မကြားဘူး။"

ဖမ်းဆီးတဲ့သူတွေကတော့ အများစုက အသက် ၂၀ကျော် အရွယ် လူငယ်တွေဖြစ်ပြီး၊ သူတို့ဟာ ဆန်နဲ့ စားနပ်ရိက္ခာတွေဝယ်ပြီး အပြန်မှာ စစ်ကောင်စီတပ်တွေက ရိုက်နှက်ဖမ်းဆီးသွားတာလို့ဆိုပါတယ်။ နှစ်ဘက်တိုက်ပွဲတွေဖြစ်တိုင်း အရပ်သားတွေကို စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်တာတွေရှိသလို၊ အရပ်သားတွေအပေါ် လူအခွင့်ရေးချိုးဖောက်မူတွေ လုပ်နေတယ်လို့လည်း ကရင့်လူ့အခွင့်ရေးအဖွဲ့ကတော့ ပြောဆိုထားပါတယ်။

XS
SM
MD
LG