သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးထိခိုက်


ကွတ်ခိုင်မြို့
ကွတ်ခိုင်မြို့

ရှမ်းပြည်မြောက်ပိုင်းမှာ ဒီရက်ပိုင်း တိုက်ပွဲတွေ ခပ်စိပ်စိပ် ပြန်ဖြစ်လာနေပြီး နယ်မြေဒေသ မအေးချမ်းတာကြောင့် တရုတ်-မြန်မာ နယ်စပ် မူဆယ်ကုန်သွယ်ရေး သိသိသာသာ ထိခိုက်လာနေတယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။ မူဆယ်မြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်တဝိုက်မှာ KIA-PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်နေပြီး မနေ့က ညပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ရှမ်းမြောက်ဒေသ စစ်ရေးတင်းမာမှုတွေနဲ့ နယ်စပ်ကုန်သွယ်ရေး အခြေအနေ သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်း က တင်ပြပေးပါမယ်။

ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာ မြို့နယ်ကြားက ပြည်ထောင်စုလမ်းပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လက်နက်ကိုင် KIA အကြား တိုက်ပွဲပြင်းထန်နေပြီး ဇူလိုင်လ အတွင်း မူဆယ်ကုန်သွယ်ရေးဇုန် အနီးတဝိုက်မှာလည်း တိုက်ပွဲတွေ ပြန်စိပ်လာတယ်လို့ လူမှုရေး အသင်းအဖွဲ့တွေ၊ ဒေသခံတွေကဗွီအိုအေကို ပြောပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ နဲ့ ကုန်သွယ်ရေးဆိုင်ရာ အကန့်အသတ်တွေကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေး ကျသွားတယ်လို့ ဒေသခံ ကုန်သည်တဦးက ပြောပါတယ်။

" ကျနော်တို့မူဆယ်မှာ အရင်ကလို ကုန်သွယ်မှုက လုပ်လို့တော့ မကောင်းတော့ဘူး၊ အဖွဲ့အစည်းတွေ လက်နက်ကိုင်တွေနဲ့ ပေါင်းလုပ်နိုင်မှပဲ ဟိုဘက်မှာ အဆင်ပြေသလို ဖြစ်သွားတာလေ။ ပုံမှန်လုပ်နေတဲ့ ကုန်သည်တွေဆိုရင် သိပ်လုပ်လို့ အဆင်မပြေတော့ဘူး။ လက်နက်ကိုင် အဖွဲ့အစည်းတွေကိုပဲ ဒီကုန်သွယ်ရေး လုပ်ငန်းတွေ အပ်ရတာပေါ့နော်။ အပ်ပြီးတော့ သူတို့ကနေပြီးတော့ သူတို့ထွက်လို့ကတဲ့ ပုံစံမျိုးနဲ့ ထွက်ပေးတယ်။ အဲဒါတွေက အဆင်ပြေနေတယ်။ ရိုးရိုး ဂျူတီဆောင်တဲ့သူတွေက အဆင်မပြေတော့ဘူး အခုရက်ပိုင်း။”

မနေ့က ဇူလိုင် ၁၆ ရက် ည ၂နာရီလောက်က ကွတ်ခိုင်မြို့အနီး ပြည်ထောင်စုလမ်းပေါ်မှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီယာဉ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီလို နယ်မြေဒေသ အခြေအနေ မအေးချမ်းတာက မူဆယ်ကုန်သွယ်ရေးကို အဓိက ထိခိုက်စေတာ ဖြစ်တယ်လို့ ဒေသခံ ကုန်သည်တွေက ပြောပါတယ်။

လုံခြုံရေး အစစ်အဆေးများသလို၊ မန္တလေး အထွက်ကစပြီး မူဆယ်ရောက်တဲ့အထိ ပြည်ထောင်စုလမ်းပေါ်မှာတော့ စစ်ကောင်စီနဲ့ လက်နက်ကိုင်အဖွဲ့တွေ အသီးသီး နေရာယူထားကြတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

” စစ်တာကတော့ မန္တလေးကနေ စတက်တော့ ၁၆ မိုင်မှာ စစ်တာပေါ့နော်။ ဒီဘက် (စကစလုပ်တဲ့) စစ်ဆေးရေးဂိတ်ပေါ့။ အဲဒီတကြော တက်သွားရင်တော့ ဟိုဘက်ရောက်ရင် အကုန်လုံး လက်နက်ကိုင် အဖွဲ့အစည်းတွေများတဲ့ နေရာ ဖြစ်သွားတာပေါ့။ ကျောက်မဲကနေ ဟိုဘက်တလမ်းလုံး နမ့်ဖတ်ကာတို့က အဆိုးဆုံး နေရာတွေပေါ့။ အဲနေရာတွေက လမ်းမှာ အမြဲ တိုက်ပွဲတွေဖြစ်တယ်။ ထိတွေမှုတွေအမြဲတမ်း ရှိတာပေါ့။”

စစ်ကောင်စီကတော့ မူဆယ်နဲ့ လားရှိုး တဝိုက်က ကုန်သွယ်ရေးလမ်းပေါ်မှာ လုံခြုံရေး ယူထားပြီး ကားအသွားအလာတွေကို စစ်ဆေးနေပါတယ်။ မူဆယ်သွားတဲ့ လမ်းခရီးမှာ လမ်းတံတားကြေးတွေ အဆမတန် တိုးကောက်လာတာနဲ့ မကြာခဏ ပြောင်းလဲနေတဲ့ ကုန်သွယ်ရေး စည်းကမ်းတွေကြောင့် ကုန်သည်အများစုက လုပ်ငန်းရပ်ထားရတဲ့အထိ ဖြစ်လာပါတယ်။

လားရှိုးမြို့ပေါ်မှာလည်း ပြီးခဲ့တဲ့ရက်က ဗုံးပေါက်ကွဲမှုတချို့ရှိပြီး စစ်ကောင်စီက လိုက်လံ ဖမ်းဆီးတာတွေလည်း ရှိ​ နေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG