သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန်မှာ အပစ်ရပ်သဘောတူညီချက် ကုန်ဆုံးပြီး တိုက်ပွဲတွေပြန်ဖြစ်


Smoke rises above buildings as people flee with some belongings, in Khartoum, Sudan, June 10, 2023.
Smoke rises above buildings as people flee with some belongings, in Khartoum, Sudan, June 10, 2023.

ဆူဒန်နိုင်ငံမြို့တော် ခါတွန်မှာ ၂၄ နာရီကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် တနင်္ဂနွေနေ့က သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။

ဆူဒန်စစ်တပ်အကြီးအကဲ Abdel Fattah al-Burhan နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ Rapid Support Forces (RSF) ကို ကွပ်ကဲသူလည်းဖြစ်၊ ဒုစစ်ဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့ Mohamed Hamdan Daglo တို့ ကြား ဧပြီလလယ်ကစပြီး သဘောထားကွဲပြီးနောက် ပြည်တွင်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာပါ။

အခုနောက်ဆုံး ၂၄ နာရီကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကြောင့် မြို့တော် ခါတွန်မှာ ပိတ်မိနေတဲ့ အရပ်သားတွေ အစားအစာနဲ့အခြားလိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပြင်ပထွက် စုဆောင်းခွင့်ရခဲ့ကြပါတယ်။

ဒါပေမယ့် ဒေသစံတော်ချိန် တနင်္ဂနွေနေ့ မနက် ၆ နာရီမှာ သတ်မှတ်ချိန်ပြီးဆုံးပြီးနောက် ၁၀ မိနစ်အကြာမှာပဲ ခါတွန်မြို့တော်တွင်း ပစ်ခတ်မှုတွေ၊ ရုန်းရင်းဆန်ခတ်တွေ ပြန်ပြီး ဖြစ်ပွားခဲ့တယ်လို့ ကိုယ်တိုင်တွေ့သူတွေကို ကိုးကားပြီး AFP သတင်းဌာနက ဖော်ပြခဲ့တာပါ။

ဆူဒန်နိုင်ငံမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားကတည်းက အပစ်အခတ်ရပ်စဲရေး အတော်များများ သဘောတူညီမှုရခဲ့ပေမဲ့ ပြန်ပြီး ပျက်ပြယ်ခဲ့ကြပါတယ်။ ဒါကြောင့် ကြားဝင်ညှိုနှိုင်းပေးမှုတွေနောက်ဆုံးကြိုးပမ်းမှုဖြစ်တဲ့ မေလကုန်ပိုင်းမှာ မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် နှစ်ဘက်ပြိုင်ဘက် ဆူဒန်စစ်ဗိုလ်ချုပ်တွေအပေါ်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်အစိုးရက ချမှတ်ခဲ့ပါတယ်။

နှစ်လကြာ ဆူဒန်ပြည်တွင်းစစ်အတွင်း လူပေါင်း ၁၈၀၀ ကျော် သေဆုံးခဲ့ကြောင်း “လက်နက်ကိုင် ပဋိပက္ခ တည်နေရာနဲ့ ဖြစ်ရပ် အချက်အလက် စီမံကိန်း” အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG