ဆူဒန်နိုင်ငံ Khartoum မြို့တော်မှာ ဒီနေ့မှာလည်း စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန်ဆက်လက်ဖြစ်ပွားနေပြီး၊ လူထောင်ပေါင်းများစွာဟာလည်း တ်ိုက်ပွဲတွေကြားကနေ ထွက်ပြေးနေကြပါတယ်။ ဒီတိုက်ပွဲတွေက ပြည်တွင်းစစ်အပြည့်အဝ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ဆူဒန်ဝန်ကြီးချုပ်ဟောင်းက သတိပေးလိုက်ပါတယ်။
ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကြားမှာ ဒီနေ့အကုန်ထိ တရားဝင်အပစ်အခတ်ရပ်စဲထားတယ်ဆိုပေမယ့်လည်း ခါတွန်မြို့မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး၊ အခုဆိုရင် သီတင်းပတ် ၃ ပတ်ထဲကို ဝင်လာနေပြီဖြစ်ပါတယ်။ ဒီမနက်အစောပိုင်းကတည်းက ခါတွန်မြို့က လမ်းတွေပေါ်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေပြီး၊ သေနတ်တွေလည်း အကျယ်ကြီး ကြားရတယ်လို့ ခါတွန်မြို့တောင်ဘက်က ဒေသခံတဦးက AFP ကို ပြောထားပါတယ်။
တိုက်ပွဲတွေက ခါတွန်မြို့အလယ်ပိုင်းမှာရှိတဲ့ ဆူဒန်စစ်ဌာနချုပ်တဝိုက်မှာဖြစ်ပြီး၊ စစ်တပ်ဘက်ကလည်း မြို့တော်ခါတွန်နဲ့ကပ်လျှက် နိုင်းမြစ်တဘက်က Omdurman မြို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့ တိုက်ပွဲတွေ စဖြစ်ချိန်ကစပြီး၊ ပြည်ပနိုင်ငံတွေကတော့ ဆူဒန်မှာရှိတဲ့ သူတို့နိုင်ငံသားတွေကို ဘေးလွတ်ရာကို လေယာဉ်တွေ အပါအဝင် ကုန်းလမ်း၊ ရေလမ်းတွေနဲ့ အပူတပြင်း ကယ်ထုတ်နေပါတယ်။
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကတော့ အလေးချိန် ၈ တန်ရှိတဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ဂျော်ဒန်နိုင်ငံကနေတဆင့် ဆူဒန်ဆိပ်ကမ်းကို ဒီနေ့မှာ ပထမဆုံးအကြိမ် ပို့ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ လူနာ ၁၅၀၀ လောက်ကို ကုသေးနိုင်မယ့် ဆေးဝါးနဲ့ ခွဲစိပ်ပစ္စည်းကိရိယာတွေ ပါဝင်တယ်လို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် လူတွေ သောင်းနဲ့ချီပြီး အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးနေကြချိန်မှာပဲ၊ အဲဒီမှာ ဆက်ပြီးတော့ ရှိနေတဲ့သူ သန်းပေါင်းများစွာကတော့ အစားအစား၊ ရေ၊ ဆေးဝါးနဲ့ တခြားအခြေခံပစ္စည်းတွေ အကြီးအကျယ် လိုအပ်နေပါတယ်။