သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ သောက်သုံးရေ ရရှိဖို့အတွက် အမေရိကန်ကူညီ


Chelsea Clinton (ဓာတ်ပုံ - facebook)
Chelsea Clinton (ဓာတ်ပုံ - facebook)
အမေရိကန်နိုင်ငံရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID၊ P&G အဖွဲ့နဲ့ ကလင်တန် ဖောင်ဒေးရှင်းတို့ကနေ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိဖို့အတွက် မြန်မာနိုင်ငံရဲ့ ဒေသတချို့ကို ရေ လီတာ သန်း၂၀၀ ကျော် ကူညီပေးလိုက်ပါတယ်။ သန့်ရှင်းတဲ့ သောက်ရေ မရလို့ ကမ္ဘာပေါ်မှာ ဝမ်းရောဂါကြောင့် လူတွေ သေနေရတဲ့အတွက် အခုလို ရေသန့်တွေ လှူဒါန်းပြီးတော့ လူတွေရဲ့ အသက်ကို ကယ်ဖို့ ဆောင်ရွက်ရတာ ဖြစ်တယ်လို့လည်း ကလင်တန် ဖောင်ဒေးရှင်း က ချလ်ဆီး ကလင်တန် (Chelsea Clinton) က ပြောပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။

တစ်နာရီမှာ လူတွေရဲ့ အသက်တစ်ချောင်းကို ကယ်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကမ္ဘာ့ နိုင်ငံတွေအနှံ့မှာ ရေလှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ P&G ကုမ္ပဏီနဲ့ အမေရိကန် သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton) နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် (Hillary Clinton) တို့ ထောင်ထားတဲ့ ကလင်တန်ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီးတော့ သောက်သုံးရေ လှူဒါန်းမှုတရပ်အနေနဲ့ မြန်မာနိုင်ငံကို သောက်ရေသန့် ရေလီတာ သန်း၂၀၀ ကျော်ကို ပေးဝေဖို့ ဒီကနေ့မှာပဲ သဘောတူ လက်မှတ်ရေးထိုးလိုက်တာပါ။

ကမ္ဘာပေါ်မှာ တစ်ရက်ကို လူပေါင်း၂၀၀၀ ကျော်ဟာ မသန့်တဲ့ရေကို သောက်ပြီး ဝမ်းပျက်ရောဂါတွေနဲ့ သေဆုံးနေရတဲ့အတွက် သန့်ရှင်းတဲ့ ရေရမှု နည်းတဲ့နိုင်ငံတွေမှာ သောက်ရေလှူဒါန်းရတာ ဖြစ်တယ်လို့လည်း ကလင်တန်ဖောင်ဒေးရှင်း က ချလ်ဆီး ကလင်တန် (Chelsea Clinton) က ပြောပါတယ်။

မြန်မာနိုင်ငံမှာ သန့်ရှင်းတဲ့ သောက်သုံးရေ ကူညီပေးနိုင်မယ့် အခြေအနေကို ရောက်ရှိလာတဲ့အတွက်လည်း အတိုင်းထက်အလွန် ဝမ်းသာမိပါတယ်လို့လည်း ချလ်ဆီး ကလင်တန် (Chelsea Clinton) က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လုပ်ကိုင်စရာတွေ အများကြီးရှိပါတယ်။ လူတွေ သူတို့နေထိုင်လိုတဲ့ ဘဝကို ရရှိဖို့အတွက် သိပ်ကို မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ သောက်သုံးရေသန့်တွေ မရဘူးဆိုရင် ဒါတွေ ဖြစ်မလာနိုင်ပါဘူး။ ဒါကြောင့် ဒီလို သောက်သုံးရေသန့်တွေ ရရှိဖို့ ကျမတို့ ဒီကို လာပြီးတော့ ကူညီရတာ သိပ်ကို ဝမ်းသာပါတယ်။ နောက်နှစ် အနည်းငယ်အတွင်းမှာလည်း ကျမတို့ ဒီကို လာပြီးတော့ ကျေးရွာမှာ သောက်ရေသန့်တွေ ရရှိနေတာ၊ ကလေးတွေ ကျန်းကျန်းမာမာရှိနေတာကို မြင်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

ဒီကနေ့ မြန်မာနိုင်ငံမှာ သောက်ရေသန့် သန်း၂၀၀ ကျော်ကို လှူဒါန်းလိုက်တဲ့အတွက် USAID၊ P&G နဲ့ ကလင်တန် ဖောင်ဒေးရှင်းတို့ကနေ ကမ္ဘာပေါ်မှာ ရေလှူဒါန်းတာဟာဆိုရင် ရေသန့် ၆ ဘီလီယံ နီးပါး လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့လည်း P&G ရဲ့ တည်ထောင်သူနဲ့ ဒါရိုက်တာ ဒေါက်တာ ဂရက် အောဂွတ် (Gred Allgood) က ပြောပါတယ်။

နာဂစ်မုန်တိုင်း တိုက်အပြီး သန့်ရှင်းတဲ့ သောက်သုံးရေ လိုအပ်နေတဲ့ အချိန်တုန်းကလည်း မြန်မာနိုင်ငံကို ရေသန့်တွေ လှူဒါန်းခဲ့တာကနေ အခုဆိုရင် USAID ရဲ့ အကူအညီနဲ့ပါ နှစ်ရှည် ကူညီနိုင်တော့မှာ ဖြစ်တဲ့အတွက် မြန်မာပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ ဘ၀ တိုးတက်မှုတွေပါ ရှိလာနိုင်တယ်လို့လည်း ဒေါက်တာ ဂရက် အောဂွတ် (Gred Allgood) က ပြောပါတယ်။

“ဒေါက်တာ ဂရက် ပြောသွားခဲ့တာကတော့ နာရီတိုင်းမှာ အသက်တစ်ချောင်းကို ကယ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတဲ့ P&G ရဲ့ ခရီးစဉ်နဲ့ ရေသန့် ၆ ဘီလီယံ လီတာမြောက် လှူဒါန်းတဲ့ မှတ်တိုင်တစ်ခုကို ရောက်ရှိခဲ့ပါပြီ။ အခုလိုလုပ်ငန်းတွေကို ၂၀၁၀ ခုနှစ်ကစပြီးတော့ Clinton Global Initiative နှစ်ပတ်လည် အစည်းအဝေးတွေမှာ ချမှတ်ပြီးတော့ ဆောင်ရွက်ခဲ့တဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်း တိုက်ပြီးကာလကစ ကူညီခွင့်ရခဲ့ပါတယ်။ ဆက်ပြီးတော့ အနာဂတ်မှာလည်း ဒီ့ထက်ပိုပြီး ကူညီပေးဖို့လည်း ရှိပါတယ်။ USAID နဲ့ပါ နှစ်ရှည်အစီအစဉ်နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ရဖို့ သဘောတူညီမှုတွေ ရရှိထားတဲ့အတွက်လည်း မြန်မာပြည်သူတွေရဲ့ လက်ရှိ ကျန်းမာရေးနဲ့ ဘ၀ တိုးတက်မှုအရေးအတွက်လည်း ကူညီနိုင်ဖို့ ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်လို့” ပြောသွားခဲ့တာပါ။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ချလ်ဆီး ကလင်တန် (Chelsea Clinton) ဟာ P&G ၊ World Vision က တာဝန်ခံတွေနဲ့အတူ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိမှုနည်းတဲ့ ရန်ကုန်မြို့ အနောက်ဘက် ကီလိုမီတာ ၂၀၀ ကျော်မှာရှိတဲ့ ပုသိမ်မြို့ ဂွေးဒေါက်ကျေးရွာကို သွားရောက်ပြီးတော့လည်း သောက်သုံးရေတွေကို လှူဒါန်းပေးခဲ့တာပါ။
ဒီကနေ့ပွဲကို ကလင်တန်ဖောင်ဒေးရှင်းက ချလ်ဆီး ကလင်တန် (Chelsea Clinton) အပြင်၊ အမေရိကန်သံအမတ်ကြီး ဒဲရက် မစ်ချဲလ် (Derek Mitchell)၊ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီးနဲ့ USAID က မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့တာပါ။

ရေသန့်တွေ လှူဒါန်းပြီးတော့ လူတွေရဲ့အသက်တွေကို ကယ်တင်တဲ့ လုပ်ငန်းတွေကို USIAD ကလည်း ဝိုင်းဝန်း လုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် ဝမ်းသာပြီးတော့ မြန်မာနိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့ ထောက်ပံ့မှုတစ်ရပ်ကို ကူညီလိုက်တာလည်း ဖြစ်တဲ့အကြောင်း အမေရိကန် သံအမတ်ကြီး ဒဲရက် မစ်ချဲလ် (Derek Mitchell) က ပြောပါတယ်။

၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ မြန်မာနိုင်ငံကို USAID က အမေရိကန် ဒေါ်လာ ၁၉၆ သန်း ကူညီပေးထားပြီးတော့ ဒီမိုကရေစီအရေး၊ လူအခွင့်အရေး၊ အရပ်ဖက် လူမှု အဖွဲ့အစည်းတွေ တိုးတက်ရေးနဲ့ အခုအခါမှာ မြန်မာ အမေရိကန် ဆက်ဆံရေး ကောင်းမွန်ချိန်မှာ ကျန်းမာရေး၊ ပညာရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေကိုလည်း ပြန်လည် ပေးအပ်လာခဲ့တာပါ။

USAID နဲ့ ကလင်တန် ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံအတွက် ရေလှူဒါန်းမှုတွေ ပြုလုပ်တဲ့နေရာမှာ အခြား နိုင်ငံရေး ရည်ရွယ်ချက်တွေ မပါဘဲ လူတွေအတွက် စာနာမှုနဲ့ပဲ ဒီလှူဒါန်းမှုကို လုပ်ဆောင်ခဲ့တာလို့လည်း ချလ်ဆီး ကလင်တန် (Chelsea Clinton) က ပြောခဲ့ပါသေးတယ်။

ပြုပြင်ပြောင်းလဲရေးတွေ ပြုလုပ်နေတဲ့ မြန်မာနိုင်ငံမှာ အကဲစမ်းမှု တစ်ခုကတော့ သန့်ရှင်းတဲ့ သောက်ရေ ရရှိမှု ဖြစ်ပါတယ်။ မြို့ပြဒေသတွေမှာ ၁၉၉၀ ကနေ ၂၀၀၈ ခုနှစ်အထိ သောက်သုံးရေ ရရှိမှုဟာ ၈၇ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ ကျေးလက်ဒေသတွေမှာဆိုရင် သောက်ရေရရှိမှုဟာ ၂၆ ရာခိုင်နှုန်းက သန့်ရှင်းတဲ့ သောက်သုံးရေကို လက်လှမ်းမမှီကြပါဘူး။

မြစ်တွေမှာ ရေညစ်ညမ်းမှုတွေ ရှိနေတဲ့အတွက် လူကို အန္တရာယ် ဖြစ်စေနိုင်တဲ့ ဓာတ်တွေ ပါဝင်နေတယ်လို့လည်း အစိုးရက အသိအမှတ်ပြု ဝန်ခံခဲ့တယ်လို့ World Vision က ကြေညာချက်မှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG