သုံးရလွယ်ကူစေသည့် Link များ

ရာသီဥတု ဖောက်ပြန်မှုဒဏ် ခံနေရတဲ့ အာရှစီးပွားရေး


ရာသီဥတုဖောက်ပြန်မှုရဲ့ နောက်ဆက်တွဲ မိုးသည်းထန် ရေကြီးမှုဒဏ်ကို မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံတွေ ခံစားနေကြရတာပါ။

စက်တင်ဘာ ၁၉၊ ၂၀၁၁- မြန်မာနဲ့ အာရှမှာ ရာသီဥတု ဆိုးရွားမှုကြောင့် စီးပွားရေး တိုးတက်မှုတွေမှာ အဟန့်အတား ဖြစ်စရာတွေ ကြုံနေရပါတယ်။

မြန်မာနိုင်ငံအပါအ၀င် အာရှဒေသမှာ ရာသီဥတုဖောက်ပြန်မှုတွေရဲ့ အကျိုးဆက်အဖြစ် စီးပွားရေး ဖွံ့ဖြိုးမှုတွေကို ထိခိုက်မယ့် အလားအလာတွေ ရှိနေတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က သတိပေးပါတယ်။ ဆင်းရဲမွဲတေပြီး၊ လူဦးရေထူထပ်တဲ့ ဒေသမှာ ပြင်းထန်တဲ့ ရာသီဥတုဒဏ် ခံရတာကြောင့် လူတွေ နေရပ်ရင်းစွန့်ခွာ ရွှေ့ပြောင်းမှုတွေလည်း ပေါ်ပေါက်လာနိုင်တယ်လို့ ခန့်မှန်းထားတာပါ။ ရာသီဥတု အပြောင်းအလဲတွေကြောင့် မြန်မာနိုင်ငံနဲ့ ဒေသတွင်းမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် လူဦးရေသန်း ၄,၀၀၀ ကျော်ရှိတဲ့ အာရှ-ပစိဖိတ်ဒေသမှာ လူတွေနေရပ်စွန့်ရတာတွေ၊ နောက်ဆက်တွဲအဖြစ် စားနပ်ရိက္ခာရှားပါးမှုတွေ ကြုံရနိုင်တယ်လို့ ဒေသတွင်း စီးပွားရေး အခြေအနေတွေကို စောင့်ကြည့် လေ့လာနေတဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က သတိပေးပါတယ်။ ပါကစ္စတန်နိုင်ငံမှာဆိုရင် စက်တင်ဘာလလယ်မှာပဲ ရေလွှမ်းမိုးမှုတွေကြောင့် လူပေါင်း ၂၀၀ ကျော်အထိ သေဆုံးခဲ့တာပါ။

ပါကစ္စတန် အပါအ၀င် တခြားအာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါနိုင်ငံတွေမှာ ဆိုရင်လည်း မုတ်သုံမိုးတွေ အပြင်းအထန် ရွာသွန်းရာက ရေလွှမ်းမိုးမှုတွေ ကြုံခဲ့ရတဲ့အတွက် စက်တင်ဘာလဆန်းပိုင်းမှာပဲ လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ရသလို၊ လူပေါင်း ၅ သန်းကျော်ဟာလည်း ရေဘေးဒဏ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတ၀န်းမှာလည်း မုတ်သုံရာသီမှာ မိုးသည်းထန် ရေကြီးမှုတွေကြုံခဲ့ရလို့ အဓိကစီးပွားရေး လုပ်ငန်းအဖြစ် လုပ်ကိုင်နေကြတဲ့ ဆန်စပါး စိုက်ပျိုးရေး လုပ်ငန်းအပေါ် ရိုက်ခတ်မှုတွေ အကြီးအကျယ် ကြုံနေရတယ်လို့ ပြည်ပဆန်တင်ပို့လုပ်ငန်း လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင် တယောက်က ပြောပြပါတယ်။
“မြန်မာပြည်မှာကတော့ မိုးများတာက တာရှည်နေတယ်လို့ ပြောရမယ်။ မေလကစပြီး အခုထက်ထိ မိုးကပြတ်တယ်လို့ မရှိဘူး။ အဲဒီတော့ မေ၊ ဇွန်လောက်မှာ မိုးရလို့စိုက်တဲ့ စပါးကွင်း အတော်များများပေါ့လေ ရန်ကုန်တိုင်းပါတယ်၊ ပဲခူးတိုင်းပါတယ်၊ မွန်ပြည်နယ်ပါတယ်၊ စသဖြင့် စစ်ကိုင်းတိုင်းမှာ ဆန်ထွက်တယ်ဆိုတဲ့ ရွှေဘိုဘက်တွေပါတယ်။ စိုက်ပြီးမှ ကွင်းတွေထဲကို ရေက အပြည့်လွှမ်းတဲ့ အခါကျတော့ စပါးတွေ အကုန်သေတာပေါ့။ သေတဲ့အခါကျတော့ ရေပြန်ကျသွားတဲ့ အချိန်စောင့်ပြီး နောက်တခါ ပြန်စိုက်တယ်။ ပြန်စိုက်ပေမဲ့လည်း ဒီနှစ်ကျတော့ မိုးကအရမ်းများတဲ့ အခါကျတော့ သြဂုတ်လ အလယ်ပိုင်းလောက်မှာပဲ ထပ်ပြီး နစ်ပြန်တယ်။ ရေနစ်တော့ တချို့ကလည်း မျိုးစေ့လေးဘာလေးနဲ့ ၀င်ငွေ ချောင်လည်တဲ့သူကတော့ တတိယ တခါတော့ ကြိုးပမ်းပြီး စိုက်တာပေါ့။ တချို့ကတော့ စိတ်ညစ်သွားပြီး မစိုက်ကြတော့ဘူးပေါ့။”

ရာသီဥတု ဖောက်ပြန်မှုတွေရဲ့ အကျိုးဆက်အဖြစ် မကြာသေးခင်ကမှ အရှိန်အဟုန် ကောင်းလာနေတဲ့ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးမှုတွေအပေါ် အဓိက ရိုက်ခတ်နိုင်တာကို ADB ရဲ့ စက်တင်ဘာလထုတ် အစီရင်ခံစာက သတိပေးထားပါတယ်။ မုန်တိုင်းနဲ့ ရေလွှမ်းမိုးမှုဒဏ်တွေလို သဘာဝဘေး အန္တာရာယ်တွေကြောင့် စားနပ်ရိက္ခာ ရှားပါးမှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလို ပြဿနာ ကြုံရနိုင်တဲ့အကြောင်းလည်း ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာတော့ မုတ်သုံရာသီ ရေလွှမ်းမိုးမှုတွေကြောင့် လယ်ယာ လုပ်ငန်းတွေမှာ အပျက်အစီးတွေ ကြီးကြီးမားမား ကြုံခဲ့ရတဲ့အတွက် စိုက်ပျိုးရေးထွက်ကုန်တွေ ကျဆင်းမှုတွေမှာ ထိခိုက်နိုင်သလို စားသောက်ကုန်ဈေးနှုန်း မြင့်တက်နိုင်တဲ့ အလားအလာတွေ ရှိနေတယ်လို့လည်း ကုန်သွယ်ရေး လုပ်ငန်းတွေ အချက်အခြာရှိရာ ရန်ကုန်မြို့က ပြည်ပပို့ကုန် လုပ်ငန်းရှင်က ပြောပါတယ်။
“ဒီနှစ်ကို ခန့်မှန်းချေအရ ဆိုရင်တော့ စပါးအထွက်နှုန်း ကျနိုင်တယ်။ ဆန်ရေစပါးကလည်း အခုတိုင်းပြည်မှာ ပြည်ပပို့တာကို ဦးစားပေး နေတဲ့အခါကျတော့ ဆန်လက်ကျန်တောင်မှ ပြတ်သွားနိုင်တယ်၊ ဆန်ဈေး ကမောက်ကမဖြစ်တာနဲ့ ကြုံရနိုင်တယ်။ လာမယ့်နှစ်မှာ စပါးအထွက်လျော့တဲ့အတွက် ဆန်စပါးဈေးလည်း ကောင်းနိုင်တယ်။ အခုဆိုရင် နိုင်ငံခြားကို တင်ပို့တဲ့ ဆန်ဈေးက မြန်မာပြည်က ဆန်တောင်မှ တတန်ကို FOB ဒေါ်လာ ၄၂၀ ၀န်းကျင်လောက်ရတယ်။ အရင်ဆို ၃၀၀ ကျော်လောက်ပဲ ရနေတဲ့ ဆန်စပါးက ဒီနှစ်ဆိုရင် ကမ္ဘာ့စားနပ်ရိက္ခာ ရှားပါးလာမှုရဲ့ အကျိုးဆက်လို့ ပြောလို့ရတာပေါ့။ ဒါကြောင့်လည်း လာမယ့်နှစ်မှာ ဆန်စပါး ရှားပါးမှု ဖြစ်နိုင်တယ် ဆိုတာကို အခုရာသီဥတု အခြေအနေနဲ့ စပါးစိုက်ပျိုးမှု၊ ပျက်စီးမှု အခြေအနေကို ကြည့်ပြီး ခန့်မှန်း တွက်ချက်ထားတဲ့ အနေအထားပေါ့လေ။”

ADB ရဲ့ အစီရင်ခံစာကတော့ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ်ထဲမှာကိုပဲ အာရှ-ပစိဖိတ်ဒေသမှာ လူသန်းပေါင်း ၃၀ ကျော် အခြေပျက် အနေပျက် ဖြစ်ခဲ့ရတယ်လို့လည်း ဖော်ပြပါတယ်။ ဒီလိုပဲ ရာသီဥတု ဖောက်ပြန်မှုတွေက အခြေခံ အဆောက်အအုံနဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေအပေါ် သက်ရောက်မှုတွေသာမက လူတွေနိုင်ငံရပ်ခြား ရွှေ့ပြောင်းနေထိုင်ရာက ပဋိပက္ခဖြစ်ပွားနိုင်တဲ့ အခြေအနေတွေအထိ ဦးတည်နိုင်တယ်လို့လည်း သတိပေး ထားတာပါ။

အထူးသဖြင့်ကတော့ ဒေသတွင်း ဆင်းရဲတဲ့ လူတန်းစားတွေအတွက် ပိုပြီး အခက်ကြုံရလိမ့်မယ်လို့ ဖိလစ်ပိုင်နိုင်ငံ Anteneo de Manila တက္ကသိုလ်က လူမှုရေးရာ မနုဿဗေဒ ပါမောက္ခ Emma Porio ကို ကိုးကားပြီး ADB က ဖော်ပြပါတယ်။
“ရာသီဥတု ဖောက်ပြန်မှုတွေက ဆင်းရဲသားတွေကို မွဲသထက်မွဲစေပါတယ်။ ရေလွှမ်းမိုးမှုတွေ၊ မုန်တိုင်းတွေ၊ မုတ်သုံမိုးတွေနဲ့ ရေထု၊ လေထု ညစ်ညမ်းမှုတွေက ဆင်းရဲသားတွေကို ပိုပြီးဆင်းရဲတွင်း နက်စေပါတယ်။ လူလတ်တန်းစားနဲ့ လူလတ်တန်းစားထက် နည်းနည်းသာတဲ့ လူတွေအဖို့ကတော့ ဒီအကျိုးဆက်တွေကို ကြံ့ကြံ့ခံနိုင်ကြမှာပါ။”

လတ်တလော အခြေအနေမှာ ရာသီဥတု ပြောင်းလဲမှုတွေရဲ့ သက်ရောက်မှု အတိုင်းအတာဟာ ဘယ်ရွေ့ဘယ်မျှ ရှိတယ်ဆိုတာကို တိတိကျကျ တိုင်းတာဖို့တော့ မဖြစ်နိုင်သေးတဲ့အကြောင်း ADB က အသိအမှတ်ပြု ပြောဆိုထားပေမဲ့လည်း အကျိုးဆက်တွေ ရှိလာမှာတော့ သေချာသလောက် ရှိနေတာမို့ ဒေသတွင်း အစိုးရတွေ အနေနဲ့ ကြိုတင် ပြင်ဆင်ထားဖို့ လိုမယ့်လို့ ပြောပါတယ်။ အထူးသဖြင့်ကတော့ စီးပွားရေးဖွံ့ဖြိုးမှုတွေ အားနည်းပြီး ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ ကြုံလာနိုင်တဲ့ ပြည်တွင်းပြည်ပ ပြောင်းရွှေ့ နေထိုင်တဲ့ ပြဿနာတွေက ရင်ဆိုင်နေရဆဲ အခက်အခဲတွေကို ပိုဆိုးလာအောင် အားပေးရာ ရောက်လိမ့်မယ်လို့လည်း သတိပေးထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG