ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေ၊ စီးပွားရေးတိုးတက်လာတဲ့နိုင်ငံတွေနဲ့ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု အန္တရာယ်ခံရနိုင်ခြေရှိတဲ့ မြေနိမ့်ပိုင်းနိုင်ငံတွေက ရာသီဥတု ပြောင်းလဲမှု (Climate change) ဆိုင်ရာပြဿနာနဲ့ပတ်သက်လို့ ဆွေးနွေးကြမယ့် ကိုယ်စားလှယ်တွေဟာ လာမယ့်သီတင်း နှစ်ပတ်အတွင်း ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာ တွေ့ဆုံပြီး ကမ္ဘာကြီးပူနွေးလာမှုပြဿနာအတွက် လက်တွေ့ဆောင်ရွက်ရမယ့်အလုပ်တွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။
ဝါဆောအမျိုးသားခန်းမမှာ တနင်္လာနေ့စမယ့် ညီလာခံမှာ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်မယ်လို့ မမျှော်လင့်နိုင်ပေမဲ့ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့နိုင်ငံတွေကြား သဘောတူညီမှု တစုံတရာရဖို့ ဆွေးနွေးမှုတွေ တိုးတက်လာနိုင်ခြေ ရှိပါတယ်။ အဆုံးသတ်မှာ သဘောတူညီမှု မရနိုင်ခဲ့တဲ့ ၂၀၀၉ ခုနှစ် ကိုပင်ဟေဂင် ထိပ်သီး ဆွေးနွေးပွဲအပြီး ကုလသမဂ္ဂဦးဆောင်တဲ့ လုပ်ငန်းစဉ်ရဲ့ အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။
ကုလကြီးမှူးတဲ့ ရာသီပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာ အစိုးရအဖွဲ့ IPCC က မကြာသေးခင်က ထုတ်တဲ့ အစီရင်ခံစာမှာ ရာသီပြောင်းလဲမှု (Climate Change) ပြဿနာဟာ ဘယ်လောက်အထိ အရေးပေါ် အခြေအနေ ရောက်နေလဲဆိုတာ တင်ပြခဲ့ပါတယ်။ ဒီအဖွဲ့က ရာသီပြောင်းလဲမှုဆိုင်ရာ သိပ္ပံအထောက်အထားတွေကို တင်ပြနေတာလည်း ဖြစ်ပါတယ်။
ကျောက်မီးသွေး၊ ဆီနဲ့ လောင်စာအပါအဝင် လူသားတွေကြောင့် ကာဗွန် ထုတ်လုပ်မှုတွေ ရှိလာတယ်ဆိုတာ အရင်ထက် ပိုသေချာလာတယ်လို့ စက်တင်ဘာလကတည်းက IPCC အဖွဲ့က ပြောပါတယ်။ ဒီ ကာဗွန် ထုတ်လုပ်မှုကို ရပ်ဖို့ မလုပ်နိုင်ရင် ရာစုနှစ်တဝက်အတွင်း အာတိတ်သမုဒ္ဒရာမှာ ရေခဲမရှိသလောက် ကုန်သွားပြီး ပင်လယ် ရေမျက်နှာပြင်ကို ပိုမြင့်တက်စေနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
၁၉၇၇ - ကာဗွန်ထုတ်လွှတ်မှုဆိုင်ရာ သဘောတူညီချက်ဖြစ်တဲ့ Kyoto Protocal မှာ သဘောတူလက်မှတ်မထိုးတဲ့ တစ်ခုတည်းသော နိုင်ငံက စက်မှုထွန်းကားတဲ့ အမေရိကန်နိုင်ငံဖြစ်တာကြောင့် အားလုံးက စောင့်ကြည့်လေ့လာနေခဲ့ပါတယ်။
သမ္မတအိုဘားမားလက်ထက်မှာ လောင်စာသုံးစွဲရေး ထိရောက်မှု တိုးမြှင့်ဖို့ အပါအဝင် အမေရိကန်နိုင်ငံရဲ့ ရပ်တည်ဆောင်ရွက်မှုတွေ တိုးတက်လာခဲ့ပါတယ်။ အဲဒီလို အမေရိကန်နိုင်ငံဘက်က ပိုပြီး လုပ်ဆောင်ရမယ်လို့ နိုင်ငံအများက ပြောနေကြချိန်မှာပဲ ကမ္ဘာ့ထိပ်တန်း လေထုညစ်ညမ်းမှုရဲ့လက်သည် တရုတ်နိုင်ငံကိုလည်း စီးပွားရေးတိုးတက်ဖို့ လုပ်ရာမှာ သဘာဝ ဝန်းကျင် မထိခိုက်အောင်ဆောင်ရွက်ဖို့ တခြားနိုင်ငံတွေက ပိုပြီး အလေးထားစောင့်ကြည့်တာကို ခံနေရပါတယ်။