သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးကလင်တန် တောင်အာရှခရီးစတင်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ဟာ အာဖဂန်နစ္စတန် မှာကျင်းပမယ့် ညီလာခံ တက်ရောက်ဖို့ ခရီးထွက်ခွာသွားပြီဖြစ် ပါတယ်။ စစ်ဒဏ်ကြောင့် ပျက်စီးယိုယွင်းနေတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ အုပ်ချုပ်မှုတိုးတက်စေရေးနဲ့ တည်ငြိမ်မှုရစေရေးအတွက် အာဖဂန်အစိုးရတင်ပြမဲ့ အစီအစဉ်ကို ကြားရမယ်လို့ လည်းသူကမျှော်လင့်ထားပါတယ်။

နိုင်ငံတကာအလှူရှင်ညီလာခံကို ကဘူးမြို့တော်မှာ အင်္ဂါနေ့ ကျင်းပဖို့စီစဉ်ထားပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအပါအဝင် နိုင်ငံပေါင်း ၇၀ ကကိုယ်စားလှယ်တွေတက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒီညီလာခံကနေ အာဖဂန်နစ်စတန်နိုင်ငံမှာ လုံခြုံရေးတိုးတက်လာဖို့၊ အာဖဂန်လူမှုအသိုင်းအဝိုင်းထဲမှာ လက်နက်ကိုင် စစ်သွေးကြွတွေ မစုစည်းမိစေဖို့နဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွါးနေတဲ့ အဂတိလိုက်စားမှုကို ချေမှုန်းဖို့အတွက် အာဖဂန်အစိုးရက အဓိကဆောင်ရွက်လာအောင်လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။

အာဖဂန်နိုင်ငံမှာ တာလီဘန်လက်နက်ကိုင်တွေရဲ့ ထကြွမှုမြင့်မားလာတာကို ချုပ်ထိမ်းနိုင်ဖို့ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာတပ်တွေ အပြင်းအထန်ကြိုးစားနေချိန် လုံခြုံရေး အခြေနေဆိုးဝါးနေချိန်မှာ အခုညီလာခံကိုကျင်းပခဲ့တာဖြစ်ပါတယ်။ ဇွန်လဟာ ၉နှစ် ကြာမြင့်လာပြီဖြစ်တဲ့ စစ်ပွဲအတွင်း နေတိုးတပ်သား တရာကျော်သေဆုံးခဲ့ရတဲ့ လဖြစ်ပြီး အသေအပျောက်အများဆုံးလ ဖြစ်နေပါတယ်။

ဝန်ကြီး ကလင်တန်ဟာ တောင်အာရှဒေသတွင်းက အမေရိကန်နိုင်ငံရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ ပါကစ္စတန်နိုင်ငံဘက်က အာဖဂန်နစ္စတန်နိုင်ငံအရေးကို ပိုမိုပူးပေါင်းဆောင်ရွက်လာအောင် ကြိုးစားဖို့လည်း ပါကစ္စတန်ကိုသွားရောက်မှာဖြစ်ပါတယ်။

ဝန်ကြီး ကလင်တန်ဟာ ဒီသီတင်းပတ်နှောင်းပိုင်းမှာ တောင်ကိုရီးယားနိုင်ငံကိုသွားရောက်မှာဖြစ်ပြီး အဲဒီကနေ ဗီယက်နမ် နိုင်ငံကို သွားရောက်ပြီး အာဆီယံနိုင်ငံတွေရဲ့ ဆွေးနွေးပွဲကိုလည်းတက်ရောက် မှာဖြစ်ပါတယ်။

XS
SM
MD
LG