သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြုပြင်ပြောင်းလဲရေး အများကြီး လုပ်ဆောင်ရန် လိုနေသေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ (ဒီဇင်ဘာလ ၁၊ ၂၀၁၁)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ (ဒီဇင်ဘာလ ၁၊ ၂၀၁၁)

မြန်မာနိုင်ငံမှာ နိုင်ငံရေး လွတ်လပ်ခွင့်တွေအတွက် အစပျိုးတဲ့ခြေလှမ်းတွေ တွေ့နေရပေမဲ့ တကယ်စစ်မှန်တဲ့ ပြောင်းလဲမှုတွေရှိလာဖို့ လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်လို့ မကြာခင်ကမှ မြန်မာနိုင်ငံကို ၃ ရက်ခရီးသွားခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောပါတယ်။ အမေရိကန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပွင့်ပွင့်လင်းလင်း ဆက် အကဲဖြတ်နေမှာဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အကူအညီတွေလည်း ဆက်ပေးသွားမယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့ ဒေါ်ခင်မျိုးသက် တင်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ နိုဝင်ဘာလ ၃၀ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး သမ္မတ ဦးသိန်းစိန် အပါအဝင် မြန်မာအစိုးရသစ်အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲအပြီး စစ်အစိုးရကနေ အရပ်သားအစိုးရအဖြစ် ပြောင်းလဲအုပ်ချုပ်ခဲ့ပြီးတဲ့နောက် အပြောင်းအလဲတွေ တွေ့လာခဲ့ရတာမိုလို့ စီးပွားရေး ပိတ်ဆို့ အရေးယူဒဏ်ခတ်ထားတဲ့ အမေရိကန်အစိုးရက ထိတွေ့ဆက်ဆံရေး လုပ်ဆောင်မှုမှာ နိုင်ငံခြားရေးဝန်ကြီးကို စေလွှတ်ပြီး ဒီအပြောင်းအလဲတွေကို စမ်းစစ်လေ့လာစေခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးကလင်တန်က မြန်မာအစိုးရသစ်အဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲမှု အတွက် ချီးကျူးခဲ့ပေမဲ့ ဒီမိုကရေစီရေး လုပ်ဆောင်စရာတွေ အများကြီး ကျန်နေသေးတယ်လို့ မြင်ကြောင့် ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့တယ်လို့ နိင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။

“မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကနေ မြန်မာနိုင်ငံမှာ နိုင်ငံရေးလွတ်လပ်ခွင့်အတွက် အစပျိုးတဲ့ခြေလှမ်းတွေ တွေ့နေရတာကို နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အသိအမှတ်ပြုခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေ ရှိလာဖို့ လုပ်စရာတွေကတော့ အများကြီး ကျန်နေသေးတာကို အထူး အလေးအနက်ထား ပြောပါတယ်။”

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အဓိကကျတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာလည်း အဖွဲ့အစည်း အသီးသီးက ပါဝင်စေဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ နက်နက်ရှိုင်းရှိုင်း လုပ်လာဖို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အားပေးခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံတကာက စိတ်ပူနေတဲ့ကိစ္စတွေဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ကြားဖြတ် ရွေးကောက်ပွဲကို အချိန်ဆွဲမနေဘဲ ကျင်းပပေးဖို့ အပါအဝင် နိုင်ငံရေးလုပ်ငန်းစဉ်တွေ ဆက်လုပ်ရာမှာ အဖွဲ့အားလုံး ပါဝင်ဖို့၊ တိုင်းရင်းသားဒေသတွေမှာ ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ပါ။ ဒါ့အပြင် မြောက်ကိုရီးယားနဲ့ မြန်မာ စစ်ရေးဆက်သွယ်မှုတွေမှာ ထင်သာမြင်သာရှိစေဖို့ပါ တောင်းဆိုခဲ့ပါတယ်။”

ဝန်ကြီးကလင်တန် မြန်မာနိုင်ငံကို မသွားခင် အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက ထိပ်တန်းအမတ်တစ်ဦးဖြစ်တဲ့ အင်ဒီယားနားပြည်နယ် အထက်လွှတ်တော်အမတ် ရစ်ချက်လူဂါ က မြန်မာအစိုးရရဲ့ မြောက်ကိုရီးယားအကူအညီနဲ့ နျူကလီးယားလက်နက် လုပ်ဆောင်နေမှုတွေကို သေသေချာချာ ရှင်းလင်းဖို့ တောင်းဆိုခဲ့တာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ လူမှု လူ့အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေကို တွေ့ဆုံခဲ့ပြီးတဲ့နောက် လက်ရှိ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအတိုင်း ဆက်လက် ကျင့်သုံးသွားဖို့ စဉ်းစားခဲ့တဲ့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေအတွက် အကူအညီတွေ ဆက်ပြီးပေးသွားမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။

“မြန်မာနိုင်ငံက အခြေအနေတွေကို အခု အမေရိကန်က လုပ်ဆောင်နေသလိုပဲ ပွင့်ပွင့်လင်းလင်း ဆက်လက် အကဲခတ်နေမှာဖြစ်ပြီး မြန်မာလူထု ကောင်းကျိုးအတွက် အမေရိကန်နိုင်ငံက ဆောင်ရွက်ဖို့ သန္နိဌာန် ချမှတ်ထားတာကို ပြတဲ့အနေနဲ့ မြန်မာအစိုးရဘက်က ပြုပြင်ပြောင်းလဲမှုတွေ အခုအတိုင်း ဆက်ပြီး လုပ်ဆောင်မယ်ဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲရေးအတွက် အကူအညီတွေ ဆက်ပြီးပေးဖို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က စဉ်းစားထားပါတယ်။”

နိုင်ငံခြားရေးဝန်ကြီးကလင်တန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နှစ်ပေါင်း ၅၀ အတွင်း အမေရိကန်ဘက်က နိုင်ငံခြားရေးဝန်ကြီး အဆင့်အဖြစ်နဲ့ ပထမဆုံးအကြိမ် သွားရောက်တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ တိုက်ရိုက်တွေ့ဆုံ ထိစပ်တဲ့ မူဝါဒတွေဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး အပြောင်းအလဲတွေ ဖြစ်လာအောင် လုပ်နေတာပဲဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးကလင်တန်နဲ့ တွေ့ဆုံအပြီးမှာ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG