သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အမေရိကန်ဆက်ဆံရေးအပေါ် တရုတ်အမြင်


မြန်မာ အမေရိကန်ဆက်ဆံရေးအပေါ် တရုတ်အမြင်
မြန်မာ အမေရိကန်ဆက်ဆံရေးအပေါ် တရုတ်အမြင်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေတဲ့အထိ မြန်မာအစိုးရက အနောက်နိုင်ငံတွေနဲ့ နီးစပ်ဖို့ ကြိုးပမ်းနေတာကို ကြိုဆိုပေမဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကိုတော့ အထိခိုက်ခံနိုင်မှာ မဟုတ်တဲ့အကြောင်း တရုတ်အစိုးရပိုင် သတင်းစာရဲ့ ဆောင်းပါးတစောင်မှာ သတိပေး ရေးသားထားပါတယ်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတဦး မြန်မာနိုင်ငံသွားမယ့် ခရီးစဉ်ဟာ သံတမန် မဟာမိတ် ဆက်ဆံရေးတွေမှာ တရုတ်နိုင်ငံထက် အမေရိကန်နဲ့ ပိုမို နီးစပ်မှု ရှိလာ စေရေး ကြိုးပမ်းမှုအဖြစ် ပြောဆိုချက်တွေလည်း ရှိလာနေတယ်လို့ တရုတ်အစိုးရပိုင် Global Times သတင်းစာမှာ ဒီကနေ့ပဲ ရေးသားလိုက်တာပါ။

ဒါပေမဲ့လည်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei ကတော့ အနောက်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေးတွေဟာ တိုးတက်ဖို့ လိုအပ်သလို၊ မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးမှုတွေ အတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

မြန်မာအစိုးရရဲ့ အဓိက မဟာမိတ်အဖြစ် အများက မြင်နေကြတဲ့ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်အဖြစ် တက်လာမယ့်သူလို့ အများက ခန့်မှန်းနေကြတဲ့ လက်ရှိ ဒုသမ္မတ ရှီဂျင်ပင်း (Xi Jinping) နဲ့ မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ ဒီတပတ် အစောပိုင်း တရုတ်နိုင်ငံမှာ တွေ့ဆုံရာမှာတော့ စစ်ရေးဆိုင်ရာ ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ တရုတ်အစိုးရဘက်က ကမ်းလှမ်းခဲ့ပါတယ်။

ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ သံတမန်ရေး သြဇာ ကြီးထွား လာနေတာကို တန်ပြန်သွားနိုင်ဖို့ အမေရိကန်က ကြိုးပမ်းနေတယ်လို့ အများက ခန့်မှန်းနေပေမဲ့လည်း အမေရိကန် အစိုးရအနေနဲ့ တရုတ်နိုင်ငံဟာလည်း မဟာမိတ်တိုင်းပြည် တခုဖြစ်တာကြောင့် ဒီလိုရည်ရွယ်ချက်မျိုး မရှိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝန်ကြီးကလင်တန် ခရီးစဉ် မစမီ မနေ့တုန်းကပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG