သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးကလင်တန် နေပြည်တော်ရောက်


၀န်ကြီးကလင်တန် နေပြည်တော်ရောက်
၀န်ကြီးကလင်တန် နေပြည်တော်ရောက်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ မြန်မာနိုင်ငံ၊ နေပြည်တော်ဆီ ဒီကနေ့ ညနေပိုင်းက ရောက်သွားပါပြီ။ မြန်မာနိုင်ငံခရီးစဉ်အပေါ် မျှော်လင့်ချက်ထားပေမဲ့ နောက်ထပ် ပြုပြင် ပြောင်းလဲရေးတွေ လုပ်ရလိမ့်ဦးမယ်လို့ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ် မတိုင်ခင် တောင်ကိုရီးယား နိုင်ငံမှာရှိတဲ့အချိန် မစ္စစ်ကလင်တန်က ပြောခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ တရုတ်နိုင်ငံနဲ့ မသက်ဆိုင်ဘဲ အမေရိကန်-မြန်မာ ဆက်ဆံရေး ကိစ္စသက်သက်ပဲ ဖြစ်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေကလည်း ပြောနေပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးတက်စေဖို့အတွက် မြန်မာအစိုးရဘက်က လုပ်ဖို့လိုအပ်တဲ့ အပြောင်း အလဲ အတိအကျအသေးစိတ်ကို သူ့ရဲ့ သမိုင်းဝင် ခရီးစဉ်အတွင်း မြန်မာခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ အကြံပြု ပြောဆို သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပဲ ပြောလိုက် တာပါ။

သူ့ရဲ့ခရီးစဉ်အပေါ် သတိနဲ့ အကောင်းမြင် မျှော်လင့်ထားပေမဲ့ အမေရိကန်ဘက်က တုန့်ပြန် လုပ်ဆောင်ချက်တွေ မလာခင်မှာ မြန်မာအစိုးရက နောက်ထပ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရပါလိမ့်မယ်လို့ မြန်မာနိုင်ငံဆီ မထွက်ခွာခင် တောင်ကိုရီးယားနိုင်ငံ မှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေး ညီလာခံတခုအတွင်း သတင်းထောက်တွေကို မစ္စစ်ကလင်တန်က ပြော ခဲ့ပါတယ်။

“သမ္မတ အိုဘားမားက ဘာလီကျွန်းမှာပြောခဲ့သလိုပါပဲ၊ လက်ရှိ တိုးတက်မှု အရိပ်အယောင်လေး တွေကနေ မြန်မာလူထုအတွက် အကျိုးဖြစ်ထွန်းစေမယ့် အပြောင်းအလဲအတွက် လှုပ်ရှားမှုတခုဖြစ်လာအောင် လှုံ့ဆော်ပေး နိုင်လိမ့်မယ်လို့ ကျမတို့နဲ့ တခြားနိုင်ငံ အများအပြားက အတော်လေး မျှော်လင့်ထားကြတယ် ဆိုတာကတော့ သိသာထင်ရှား ပါတယ်။”

အမေရိကန်ဘက်က တုန့်ပြန် လုပ်ဆောင်ချက်လို့ မစ္စစ်ကလင်တန်က ပြောခဲ့တာဟာ အဓိကအားဖြင့်တော့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကိစ္စ ဖြစ်ဖွယ်ရှိပါတယ်။ ဒဏ်ခတ် အရေးယူမှု တွေကို ပြန်ပြီးရုပ်သိမ်းဖို့ အကဲဖြတ် သုံးသပ်ရမယ့် အဆင့်ထိ မရောက်သေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေက အစောပိုင်းကတည်းကိုက ပြောထားတာပါ။

ဒီခရီးစဉ်အတွင်း လူ့အခွင့်အရေးကိစ္စ၊ ပဲ့ထိန်းဒုံးနဲ့ နျူကလီးယားဆိုင်ရာတွေမှာ ပူးပေါင်း ဆောင်ရွက် ်နေတယ်လို့ သံသယရှိ ထားတဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို အကန့်အသတ် ထားဖို့ကိစ္စ၊ တရုတ်တို့ သြဇာ ကြီးထွားလာနေတာကို အမေရိကန်နဲ့ မဟာမိတ်တွေက စိုးရိမ်နေတဲ့ ဒေသတခုမှာ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု လျော့သွားစေဖို့ စတဲ့ အကျိုးအမြတ် တွေရလာစေဖို့ အိုဘားမားအစိုးရက တွက်ချက် လုပ်ဆောင်နေပုံရှိပါတယ်။

ဒါပေမဲ့လည်း ဒီခရီးစဉ်ဟာ တရုတ်နဲ့ မြန်မာအကြား ဆက်ဆံရေးနဲ့ ဘာမှ မပတ်သက်ဘဲ မြန်မာနိုင်ငံ ပြည်တွင်းရေး အခြေအနေကသာ အဓိကဖြစ်တယ်လို့ အင်္ဂါနေ့ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာ့ခ် တုန်နာ (Mark Toner) က ပြောခဲ့ပါတယ်။

“ဝန်ကြီးကလင်တန်ရဲ့ အခု မြန်မာခရီးစဉ်ဟာ တရုတ် ဆက်ဆံရေးနဲ့ မပတ်သက်ပါဘူး။ သမ္မတ အိုဘားမား ပြောခဲ့သလိုပါပဲ၊ မြန်မာခေါင်းဆောင်မှုအတွင်းမှာ တိုးတက်မှု ပြိုးပြိုးပျပျ မြင်နေရတဲ့ အချိန်မှာ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ဖို့ ကြိုးပမ်းတာပါ။ မြန်မာနိုင်ငံဟာ အပြုသဘော လားရာဘက်ကို ဦးတည် ပြုပြင်ပြောင်းလဲမှုတွေ ပိုလုပ်လာဖို့ မြန်မာ အာဏာပိုင်တွေကို ဖြောင်းဖျ ဆွေးနွေးနိုင်မလားဆိုတာ အခု ကျနော်တို့ရဲ့ ထိစပ် ဆက်ဆံရေး မူဝါဒနဲ့ ဆောင်ရွက်ကြည့်တာဖြစ်ပါတယ်။ တရုတ်ဆက်ဆံရေးနဲ့ မပတ်သက်ပါဘူး။”

တရုတ်တို့ကလည်း မြန်မာနိုင်ငံနဲ့ အနောက်နိုင်ငံတွေအကြား ဆက်ဆံရေးတိုးတက်အောင် လုပ်တဲ့ကိစ္စကို ကြိုဆိုတယ် ဆိုပေမဲ့ တရုတ်အကျိုးစီးပွားကို ထိခိုက်ပြီး မလုပ်ဖို့တော့ ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ မြန်မာ နိုင်ငံအပေါ် တရုတ်က သြဇာလွှမ်းမိုးနေတာကို ထိန်းညှိဖို့ ရည်ရွယ်ချက်လည်း ပါတယ်ဆိုတဲ့ သုံးသပ်ချက်တွေကို တရုတ်တို့ ကိုယ်တိုင်ကလည်း သတိပြုမိနေပါတယ်။

မြန်မာနဲ့ မြောက်ကိုရီးုယား နိုင်ငံအကြား ဆက်ဆံရေးကိစ္စကတော့ ဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ ပါဝင်မယ်ဆိုတာ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံထဲမှာ နိုင်ငံရေး ပြောင်းလဲမှုတွေ အရှိန်အဟုန် ကောင်းလာစေဖို့ အမေရိကန်ဘက်ကရည်ရွယ်တယ်လို့လည်း မာ့ခ် တုန်နာက ပြောပါတယ်။

“နိုင်ငံရေးပါတီတွေ အတွက် ဒီမိုကရေစီ အခွင့်အရေး ပိုမိုရရှိစေဖို့၊ နိုင်ငံရေးပါတီတွေ အားလုံး နိုင်ငံရေးမှာ ပါဝင်ပတ်သက်ဖို့ရဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်လာဖို့ ကိစ္စ ရပ်တွေဟာ အမေရိကန် ပြည်ထောင်စုရဲ့ လိုလား စိုးရိမ်ချက်တွေဖြစ်ပါတယ်။”

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီကနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံ ရောက်နေပြီဖြစ်ပြီး အစိုးရ တာဝန်ရှိသူတွေနဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံ ဆွေးနွေးပြီးတဲ့အခါ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး ပါတီ အဖွဲ့အစည်း လူပုဂ္ဂိုလ်အသီးသီးနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။

XS
SM
MD
LG