ကမ္ဘောဒီးယားနိုင်ငံကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ဒီနေ့ အရင် ခမာနီ အစိုးရ လက်ထက် လူထောင်ပေါင်းများစွာကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ တူအော်လ် စလန် (Tuol Sleng) အကျဉ်းစခန်းကို သွားရောက် လည်ပတ်ခဲ့ပြီး ဒီပြစ်မှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို တရားဥပဒေနဲ့ ရင်ဆိုင်စေဖို့ ဆော်သြခဲ့ပါတယ်။
တဆက်တည်းမှာပဲ ၀န်ကြီး ကလင်တန်ဟာ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန် (Hun Sen) နဲ့ တခြား အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ကမ္ဘောဒီးယားမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုရှိအောင် အစိုးရ ခေါင်းဆောင်တွေကို အားပေး တိုက်တွန်းခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။
ဒါ့အပြင် ဗီယက်နမ် စစ်ပွဲအတွင်း ကမ္ဘောဒီးယားက အမေရိကန်ကို အကြွေးတင်နေတဲ့ ငွေတွေကို လျှော်ပေးမှာ မဟုတ်ဘဲ ဒီအကြွေးတွေကို တမျိုးမျိုးနဲ့ ပြန်ပေးဆပ်နိုင်အောင် စီစဉ်ပေးမယ်လို့လည်း ၀န်ကြီး ကလင်တန်က ပြောပါတယ်။
ဒီအကြွေးတင်နေတဲ့ ငွေပမာဏနဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးနဲ့ ပြည်သူတွေရဲ့ ပညာရေးအတွက် ရင်းနှီးမြှုပ်နှံနိုင်တယ်လို့ ၀န်ကြီး ကလင်တန်က မြို့တော် ဖနွမ်းပင်မှာ ကမ္ဘောဒီးယား ကျောင်းသူ ကျောင်းသားတွေကို စကားပြောခဲ့ရာမှာ ထည့်ပြောသွားခဲ့ပါတယ်။