သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့အတူ မြန်မာ့အရေး ဆောင်ရွက်ဖို့ ဝန်ကြီး ကလင်တန် ကတိပြု


ဒေါ်စုနဲ့အတူ မြန်မာ့အရေး ဆောင်ရွက်ဖို့ ဝန်ကြီး ကလင်တန် ကတိပြု
ဒေါ်စုနဲ့အတူ မြန်မာ့အရေး ဆောင်ရွက်ဖို့ ဝန်ကြီး ကလင်တန် ကတိပြု

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းဆက်ပြီး မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်း အားထုတ်နေမှုကို အမေရိကန်နိုင်ငံက ထောက်ခံ အားပေးတဲ့အကြောင်း ထပ်လောင်း ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့တဲ့ အချိန်ကစလို့ ဒီ တယ်လီဖုန်း ဆက်သွယ်မှုဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦးကြား ပထမဆုံး တိုက်ရိုက် စကားပြောဆို ဆက်သွယ်မှု ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဒီဇင်ဘာလ အစောပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စာရေးသား ပေးပို့ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ တယ်လီဖုန်း ဆက်သွယ်မှုကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က Twitter လူမှုဆက်သွယ်ရေး အင်တာနက် စာမျက်နှာပေါ်မှာ သတင်းထောက်တွေကို ပထမဆုံး ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး တိုးတက်ဖို့နဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ပိုပြီး ခိုင်မာ အားကောင်းလာအောင် ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လက်တွဲ ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံ အနေနဲ့ ကတိပြုလိုက်ပါတယ်လို့ အဲဒီအရာရှိကြီးက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အဆင့်မြင့် အရာရှိကြီး တဦးက ဗွီအိုအေနဲ့ ပြောဆိုရာမှာ ၁၀ မိနစ်ခန့်ကြာတဲ့ အဲဒီ တယ်လီဖုန်း ပြောဆိုမှုဟာ ဒီဇင်ဘာလက နိုင်ငံခြားရေးဝန်ကြီးရဲ့ စာရေးသား ဆက်သွယ်မှုနဲ့ ပြီးခဲ့တဲ့လက အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) က ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်ခဲ့တဲ့ တွေ့ဆုံမှုအပြီး နောက်ဆက်တွဲ ဆောင်ရွက်ချက် ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံး သံတမန်တွေနဲ့ မြန်မာနိုင်ငံကို သွားရောက်မယ့် အမေရိကန် ပြည်ထောင်စုရဲ့ တခြား အဆင့်မြင့် အစိုးရ အရာရှိတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ဆက်တွဲ တွေ့ဆုံမှုတွေ ရှိမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရှေ့ကိုတိုးပြီး လုပ်ငန်း ဆောင်ရွက်နိုင်ဖို့ ကူညီပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေမယ်လို့ အမေရိကန် ပြည်ထောင်စုက ဆုံးဖြတ်ချက် ချထားပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောဆိုတဲ့အကြောင်း အဲဒီ အဆင့်မြင့် အရာရှိက ပြောပါတယ်။

တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ လက်ရှိ အနေအထားနဲ့ ဆောင်ရွက်ချက်တွေကို ဝန်ကြီး ကလင်တန်နဲ့ ဆွေးနွေးခဲ့ပြီး အသေးစိတ်ကိုတော့ သူ့အနေနဲ့ ပြောဆိုမှာ မဟုတ်ဘူးလို့ အမေရိကန် အဆင့်မြင့် အရာရှိကြီးက ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG