ဂရိနိုင်ငံရဲ့ ကြွေးမြီ အကျပ်အတည်းကို တိုက်ဖျက်နိုင်မယ့် စီးပွားရေး ပြန်လည် နာလန်ထူရေး အစီအစဉ်ကို အမေရိကန် ပြည်ထောင်စု အနေနဲ့ ရှင်းရှင်းလင်းလင်း ထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောပါတယ်။
ဂရိနိုင်ငံရဲ့ ဘဏ္ဍာရေး အခြေခိုင်ရေးအတွက် လုပ်ဆောင်ဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ဂရိအစိုးရက ဆုံးဖြတ် လုပ်ကိုင်နေမှုကို အမေရိကန် ပြည်ထောင်စုက အင်တိုက်အားတိုက် ထောက်ခံတယ်လို့ ဒီကနေ့ တနင်္ဂနွေနေ့မှာ အေသင်မြို့မှာ ၀န်ကြီး ကလင်တန်က ပြောလိုက်တာ ဖြစ်ပါတယ်။
ဝန်ကြီး ကလင်တန်က ဂရိ နိုင်ငံခြားရေးဝန်ကြီး စတေဗာ လမ်ဘရင်ဒစ်စ် (Stavros Lambrinidis) နဲ့ တွေ့ဆုံဆွေးနွေး အပြီးမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ ဆေးခါးကြီးတခွက် ဖြစ်ပေမဲ့ ဒီလုပ်ငန်းစဉ် အောင်မြင်လိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စုက အပြည့်အ၀ ယုံကြည်ကြောင်းလည်း ပြောပါတယ်။
ကမ္ဘာ့နိုင်ငံတွေက ဂရိနိုင်ငံ ပြိုလဲတော့မယ်ဆိုပြီး ပြောဆိုနေကြတာဟာ မှားယွင်းတယ် ဆိုတာကို လက်ရှိ ဂရိအစိုးရက သက်သေပြမယ်လို့ မစ္စတာ လမ်ဘရင်ဒစ်စ်က ပြောပါတယ်။
လာမယ့် ကြာသပတေးနေ့မှာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဥရောပ ၁၇ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ပြီး နိုင်ငံရဲ့ စီးပွားရေး အကျပ်အတည်းကို ဒုတိယအကြိမ် ငွေကြေး အထောက်အကူအတွက် စေ့စပ် ဆွေးနွေးကြမယ့် အရေးပေါ် ညီလာခံကို ဂရိနိုင်ငံက တက်ရောက်ဖို့ စီစဉ်နေပါတယ်။
ဝန်ကြီးချုပ် ဂျော့ခ်ျ ပါပန်ဒရို (George Papandreou) ဦးဆောင်တဲ့ ဂရိအစိုးရကတော့ ဥရောပနဲ့ နိုင်ငံတကာက ပေးမယ့် ဘဏ္ဍာရေး ထောက်ပံ့မှုတွေ ရရှိဖို့ နိုင်ငံတွင်း ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို ဖော်ပြ ပြောဆို နေပါတယ်။