သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရကို ဖိအားပေးဖို့ အိန္ဒိယကို ဝန်ကြီး ကလင်တန် တိုက်တွန်း


မြန်မာအစိုးရကို ဖိအားပေးဖို့ အိန္ဒိယကို ဝန်ကြီး ကလင်တန် တိုက်တွန်း
မြန်မာအစိုးရကို ဖိအားပေးဖို့ အိန္ဒိယကို ဝန်ကြီး ကလင်တန် တိုက်တွန်း

မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေဟာ ဆက်လက်ပြီး အခြေအနေ ဆိုးဝါးနေဆဲ ဖြစ်ကြောင်းနဲ့ အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာအာဏာပိုင်တွေကို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းစေချင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုလိုက်ပါတယ်။

မြန်မာအစိုးရ အနေနဲ့ ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးရေး တိုက်တွန်းပေးဖို့ကိုလည်း အိန္ဒိယအစိုးရကို ဝန်ကြီး ကလင်တန်က သူမရဲ့ ၂ ရက်ကြာ အိန္ဒိယ ခရီးစဉ်အတွင်း ချနိုင်းမြို့မှာ ဒီကနေ့ တိုက်တွန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အာရှ၊ ပစိဖိတ် ဒေသတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုတာမျိုးလို တာဝန်ယူမှု အသစ်တွေကို အိန္ဒိယက လုပ်ဆောင်သင့်တဲ့အကြောင်း၊ ဒေသတွင်း နိုင်ငံတွေရဲ့ အနာဂတ် အပြုသဘောဆောင်ပြီး တိုးတက်လာဖို့ အရေးမှာ အိန္ဒိယနိုင်ငံက အလားအလာကောင်း ရှိတဲ့နိုင်ငံ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့လတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယ နိုင်ငံခြားရေးဌာန အတွင်းဝန် နရန် ပန်ဘာရောင်းတို့ တွေ့ဆုံခဲ့တဲ့ ကိစ္စဟာ တကယ်ပဲ ထူးခြားတဲ့ ကိစ္စတခုဖြစ်ပြီး ဆက်ပြီးတော့လည်း မြန်မာပြည်မှာ လူ့အခွင့်အရေး တိုးတက်မှုတွေ ရှိလာအောင် အိန္ဒိယက လုပ်ဆောင်သွားဖို့ကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာ ထောက်ခံလာခဲ့ပြီးမှ နှစ်အတော်ကြာအတွင်း အိန္ဒိယနိုင်ငံဟာ မြန်မာအစိုးရဟောင်းဖြစ်တဲ့ စစ်အစိုးရနဲ့ ဆက်ဆံမှုတွေ လုပ်လာခဲ့ပါတယ်။

နှစ်နိုင်ငံ နယ်စပ်တလျှောက်က ခွဲထွက်ရေးသမားတွေကို နှိမ်နင်းရာမှာ မြန်မာအစိုးရကို ကူညီဖို့ အိန္ဒိယဘက်က စိတ်ဝင်စားမှု ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိနေတာနဲ့ ပတ်သက်ပြီး အိန္ဒိယနဲ့ အမေရိကန်လို ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီး ၂ နိုင်ငံက လျစ်လျူရှုထားလို့ မရနိုင်ပါဘူးလို့ အခုရက်ပိုင်းအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ ခရီးစဉ်အတွင်း အမေရိကန်နဲ့ အိန္ဒိယ ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့ HRW အာရှဆိုင်ရာ ညွှန်ကြားရေးမှူး ဂန်ဂူလီ (Ganguly) က ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေး အဆုံးသတ်တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲ အပြီးကတည်းက ပေါ်ပေါက်လာတဲ့ အစိုးရသစ်နဲ့ ဘယ်လို အလုပ်လုပ်နိုင်မလဲဆိုတဲ့ ကိစ္စကို အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က အကဲဖြတ်နေကြဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အငြိမ်းစားနဲ့ လက်ရှိ စစ်အရာရှိတွေကပဲ အစိုးရသစ်ရဲ့ အဓိက ရာထူးတွေကို ရယူခဲ့ကြပြီး အခုလပိုင်းတွေအတွင်း အပြောင်းအလဲ အနည်းငယ်ပဲ ရှိတယ်လို့ ဝေဖန်သူတွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG