အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် ရာထူးကနေ အနားယူသွားတဲ့ ၀န်ကြီး ဟီလာရီကလင်တန်က သူ့အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတာကို ဂုဏ်ယူတယ်လို့ ပြောကြားလိုက်ပါတယ်။ သူအနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဦးဆောင်ခဲ့ရတဲ့အပေါ်မှာ ဂုဏ်ယူကြောင်း ၊ ဒါ့အပြင် သံတမန်ဆက်ဆံရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ မြင့်တက်လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ တာတွေအပေါ်မှာလည်း ဂုဏ်ယူတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာရှိတဲ့ ဝန်ထမ်းတွေကို သူမက ပြောလိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်အတွင်း ရှုပ်ထွေးပြီး ၊ ခက်ခဲတဲ့ အချိန်တွေကိုလည်း ဖြတ်သန်းခဲ့ရကြောင်း၊ ဒါပေမဲ့ လွန်ခဲ့တဲ့ ၄ နှစ် သူမစပြီး တာဝန်ယူခဲ့ရတဲ့အချိန်ကထက် အခုချိန်ဟာပိုပြီးတော့ ကောင်းလာတယ်လို့ ပြောပါတယ်။ အခုလို အခြေအနေတွေ တိုးတက်လာတာဟာ အမေရိကန်သံတမန်တွေ နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တာဝန်ရှိသူတွေက ငြိမ်းချမ်းရေး နဲ့ သာယာဝပြောရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ ရှေ့ကိုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့တာကြောင့်ဖြစ်တယ်လို့ သူက ပြောပါတယ်။
မစ္စစ်ကလင်တန်ရဲ့ နေရာကို ဆက်ခံမယ့် အထက်လွှတ်တော်အမတ် John Kerry ဟာ သောကြာနေ့က သီးခြားအခမ်းအနားနဲ့ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး၊ သမ္မတအိုဘားမားအစိုးရရဲ့ ဒုတိယမြောက်နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမှာဖြစ်ပါတယ်။ ၀န်ကြီးကလင်တန်ဟာ မရပ်မနားကြိုးပမ်းပြီး အကောင်းဆုံး လုပ်ဆောင်ခဲ့တယ်လို့ သူယုံကြည်ကြောင်း John Kerry က သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပြောခဲ့ပါတယ်။