သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသွင်ကူးပြောင်းရေး စိန်ခေါ်မှု သမ္မတဟောင်း ကလင်တန် သတိပေး


အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် မိန့်ခွန်းပြောနေစဉ်။ (နိုဝင်ဘာ ၁၄၊ ၂၀၁၃)
အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် မိန့်ခွန်းပြောနေစဉ်။ (နိုဝင်ဘာ ၁၄၊ ၂၀၁၃)
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်ကတည်းက ဒီပြုပြင်ပြောင်းလဲမှုတွေ အပေါ် တကမ္ဘာလုံးက ချီးမွမ်း ထောပနာပြုနေ ခဲ့ကြပေမယ့် လူမျိုး၊ ဘာသာရေးဆန်တဲ့ အကြမ်းဖက်မှုဖြစ်တယ် ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့အပေါ် စိတ်မကောင်း ဖြစ်ကြရတယ်လို့ အမေရိကန် သမ္မတဟောင်း Bill Clinton က ပြောပါတယ်။ နိုင်ငံရေး ၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ထဲက နိုင်ငံပြုခေါင်းဆောင်များ၏ အခန်းကဏ္ဍဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာမှာပြုလုပ်တဲ့ ဟောပြောပွဲအတွင်း သမ္မတဟောင်း Bill Clinton က အဲဒီလို ပြောကြားသွားတာပါ။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် Clinton Foundation အနေနဲ့ အကူအညီပေးဖို့ မြန်မာနိုင်ငံကို ၃ ရက်ကြာ ရောက်ရှိနေတဲ့ အမေရိကန်သမ္မတဟောင်းလည်းဖြစ်၊ Clinton Foundation ကို စတင်တည်ထောင်သူ အကြီးအကဲလည်းဖြစ်တဲ့ Bill Clinton က ပြုပြင် ပြောင်းလဲရေးမှာ နိုင်ငံပြုခေါင်းဆောင်တွေရဲ့ အရေးပါမှုနဲ့ ပတ်သက်ပြီး နိုဝင်ဘာလ ၁၄ ရက်၊ ကြာသပတေးနေ့က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဟောပြောပွဲကျင်းပပြီး ပြောကြားသွားတာပါ။

သမ္မတဟောင်း ကလင်တန်အနေနဲ့ မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးရရှိတာကို မြင်တွေ့ လိုတဲ့ ဆန္ဒရှိတဲ့အကြောင်း ပြောကြားခဲ့တာပါ။ သူမြန်မာနိုင်ငံမှာ ရောက်နေစဉ် အတွင်း သူ့အတွေ့အကြုံတွေကို မျှဝေပေးဖို့ သမ္မတ ဦးသိန်းစိန်က တောင်းဆိုတဲ့ အတိုင်း သူ့အနေနဲ့ ရန်ကုန်မြို့မှာ အခုလို စကားပြောကြားခြင်းဖြစ်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အရှိန်မြင့် လုပ်ဆောင်နိုင်ရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို အလေးထား ပြောကြားမယ့် အကြောင်း အစချီပြီး သမ္မတဟောင်း ကလင်တန်က အခုလို ပြောပါတယ်။

"သမ္မတဦးသိန်းစိန်က တောင်းဆိုတဲ့အတိုင်း ကျနော်အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ပါမယ်။ အဲဒါကတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း အရှိန်မြင့် လုပ်ဆောင်ပြီး၊ ဒီမိုကရေစီနည်းလမ်းကျတဲ့၊ အားလုံးပါဝင်နိုင်တဲ့၊ စီးပွားရေးအရလည်း အောင်မြင်မှုရှိတဲ့၊ နိုင်ငံရေးအရလည်း ညီညွတ်မှုရှိတဲ့ တိုင်းပြည်တခုဖြစ်အောင် ဒီအခမ်းအနားကိုလာကြတဲ့သူတိုင်းက ပါဝင်နိုင်တဲ့ နည်းလမ်းတွေကို ကျနော် ပြောပြသွားမှာ ဖြစ်ပါတယ်။"

တကယ်တော့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေ စတင် အကောင်အထည်ဖော်ကတည်းက တကမ္ဘာလုံးက မြန်မာနိုင်ငံအပေါ် အာရုံစိုက်လာခဲ့ကြပေမယ့် လူမျိုးရေး ဘာသာရေးဆန်တဲ့ အဓိကရုဏ်းတွေဖြစ်ခဲ့တဲ့အပေါ်မှာတော့ အတော်လေး စိတ်ပျက်ခဲ့ကြတယ် ဆိုတာကို သမ္မတ ကလင်တန် အလေးထား ပြောကြားခဲ့ပါတယ်။

"ခင်ဗျားတို့မြန်မာနိုင်ငံ စပြီး ဖွင့်လိုက်ကတည်းက တကမ္ဘာလုံးက အာရုံစိုက်လာကြတယ်။ မြန်မာပြည်က ထွက်လာသမျှ သတင်းကောင်းတွေကိုလည်း လူတိုင်းက ချီးမွမ်းကြတယ်။ ဒါပေမယ့် ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်တယ်ဆိုတဲ့ သတင်းတွေကြားပြန်တော့လည်း အော့နှလုံးလှန်ကြတယ်။ မတူညီတဲ့အကြောင်းအချက်တွေအတွက် အချင်းချင်း သတ်ဖြတ်ကြတဲ့အပေါ် လူတွေက အတော်လေး စိတ်ပျက်နေကြပြီ။ အဲဒီအချိန်မှာ ခင်ဗျားတို့တိုင်းပြည်က ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် စခြေလှမ်းလိုက်တဲ့အချိန်မှာ မြန်မာပြည်ကို တခါမှ မရောက်ဖူးတဲ့သူတွေ ဘယ်လောက်များများက ခင်ဗျားတို့ကို အောင်မြင်စေချင်ကြတယ်ဆိုတာ ခင်ဗျားတို့ လျော့တွက်လို့ မရနိုင်ဘူး။"

သမ္မတဟောင်း ကလင်တန်ဟာ သူအမေရိကန်သမ္မတအဖြစ် သက်တမ်း ၂ ခု တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်တွေအတွင်း ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ နိုင်းယှဉ်ပြီး မြန်မာနိုင်ငံမှာလည်း တွေ့ဆုံ ဆွေးနွေးမှုတွေနဲ့ နိုင်ငံရေးပြဿနာကို အဖြေရှာလို့ ရနိုင်တယ်ဆိုတာကို ပြောကြားသွားပါတယ်။

"ကျနော့်အတွေ့အကြုံအရပြောရမယ်ဆိုရင် - လူတွေက ဘာမှမဖြစ်စလောက်ကလေးပါလို့ ထင်ထားတဲ့ အသေးအမွှားလေးကနေ အချင်းချင်း လက်တွဲ လုပ်ဆောင်ပြီး ပြဿနာတွေ ကို ပြေလည်သွားကြတာမျိုးလည်း ရှိပါတယ်။ အဆုံးသတ်မှာတော့ အဲဒီအောင်မြင်မှုက အားလုံးနဲ့ဆိုင်တယ်၊ အားလုံးလုပ်လို့ရရှိတယ်ဆိုတဲ့ အမြင်မျိုးဝင်လာပြီး အားလုံးက ဝမ်းသာ ဂုဏ်ယူသွားကြတာပါပဲ။"

သမ္မတကလင်တန်ရဲ့ ပြောဆိုချက်တွေဟာ တကယ်တော့ အမေရိကန်အစိုးရရဲ့ ပေါ်လစီတွေနဲ့ ထပ်တူ ထပ်မျှသဘောမျိုး ဖြစ်ပါတယ်လို့ အခမ်းအနားကို တက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ကလည်း ပြောပါတယ်။

အခမ်းအနားကိုတက်လာသူ နောက်တစ်ဦးဖြစ်တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန်ကတော့ ကမ္ဘာက မြန်မာနိုင်ငံကို ဘယ်လို ရှုမြင်သုံးသပ်တယ်ဆိုတာကို သမ္မတဟောင်း ကလင်တန်က မီးမောင်းထိုးပြောဆိုသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

“သူပြောတဲ့ မြန်မာပြည်မှာဖြစ်နေတာတွေက သွားတူနေတယ်။ မြန်မာပြည်မှာဖြစ်နေ တာတွေနဲ့ ပြီးခဲ့တဲ့ ကမ္ဘာမှာဖြစ်ခဲ့တဲ့ ရဝမ်ဒါဖြစ်နေတာမျိုးတွေကို သူပုံခိုင်းပြီးတော့ ပြောသွားတယ်။ အဲ့တော့ အဓိက ကျနော်မြင်တဲ့အမြင်ကတော့ ခုနက ကျနော်ပြောသလိုပဲ ကမ္ဘာကြီးက မြန်မာကို ဘယ်လိုမြင်နေပြီလဲ။ အဲ့တာက အရေးကြီးပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ Image ပြဿနာပါ။ ကမ္ဘာကြီးက ကျနော်တို့အပေါ်မြင်တဲ့ အမြင်က မြန်မာပြည်ဟာ ပြဿနာရှိတဲ့နိုင်ငံပေါ့။ အဲ့တော့ ပြဿနာရှိတဲ့နိုင်ငံက ပြဿနာကိုရှင်း၊ အဲ့လိုမရှင်းနိုင်ဘူးဆိုရင် မင်းတို့ဖွံ့ဖြိုးမှုတွေ ဘာမှ ရမှာမဟုတ်ဘူး။ ဒီအခွင့်အရေးတွေဆုံးရှုံးသွားမယ်လို့ အစိုးရကို သူက Suggest လုပ်တာပေါ့။”

ဒီအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ၊ အမေရိကန်သံရုံး အရာရှိတွေ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ တက်ရောက်ခဲ့ကြပါတယ်။

သမ္မတဟောင်း ကလင်တန်ဟာ မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့က ရောက်လာတာဖြစ်ပါတယ်။ နိုဝင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့ မနက်ပိုင်းကတော့ သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းတို့နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့သလို NLD ဥက္ကလည်းဖြစ်၊ လွှတ်တော်အမတ် လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ညနေပိုင်းက သူမ နေအိမ်မှာ သွားရောက် တွေ့ဆုံခဲ့တာပါ။ နိုဝင်ဘာ ၁၅ ရက်၊ သောကြာနေ့မှာတော့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။
XS
SM
MD
LG