ပြီးခဲ့တဲ့နှစ်က လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံ ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ကိုင်တွယ်ပုံအပေါ်မှာ အမေရိကန်လွှတ်တော်အမတ်တွေက ဝေဖန်လိုက်ပါတယ်။ အာဖရိကမြောက်ပိုင်းက အမေရိကန်မူဝါဒမှာ လိုအပ်ချက်တွေရှိနေတယ်လို့လည်း သတိပေးလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ဟာ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီးတော့ အထက်လွှတ်တော် နိုင်ငံခြားရေး ရာ ကော်မတီရှေ့မှောက်မှာ ပထမဆုံးအကြိမ် ထွက်ဆိုခဲ့ပါတယ်။
ဘန်ဂါဇီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီးတော့ မေးတာတွေကို ဖြေဆိုနိုင်ခဲ့ခြင်းမရှိသလို အခု မနက် ဖြေသွားတာတွေဟာလည်း ကျေနပ်အားရ စရာမရှိဘူးဆိုပြီး အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ၀န်ကြီးကလင်တန်ကို ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် ရီပတ်ဘလစ် ကန် အထက်လွှတ်တော်အမတ် နောက်တဦးဖြစ်တဲ့ Bob Corker ကလည်း လုံခြုံရေး လိုအပ်ချက်တွေက ဒီထက်ကြီးမားတဲ့ပြဿနာတွေကို ညွန်ပြနေတယ်လို့ ပြောလိုက်ပါ တယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလင်တန်ကတော့ အဲဒီလို ဝေဖန်မှုတွေကို သဘောတူ ခဲ့ပြီး အမေရိကန်အနေနဲ့ လစ်ဗျားနိုင်ငံမှာ ဒီထက် ပိုကောင်းတဲ့ ဗျူဟာတွေလိုအပ်တယ်လို့ ၀န်ခံသွားပါတယ်။ ဒါပေမဲ့ ၀န်ကြီးကလင်တန်ကတော့ အာဖရိကတိုက် မြောက်ပိုင်းမှာ ဂျီဟတ် လှုပ်ရှားမှုတွေ ပိုပြီးတော့ များလာနေတယ်လို သတိပေးလိုက်ပါတယ်။
ဒီတိုက်ခိုက်မှုအပေါ် အမေရိကန်အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Ron Johnson ကလည်း မေးခွန်းထုတ်လိုက်ပါတယ်။