သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှို့ဝှက်အထောက်အထား ၀ီကီလိခ် ဖော်ထုတ်ချက် ၀န်ကြီးကလင်တန် ရှုတ်ချ


လျှို့ဝှက်အထောက်အထား ၀ီကီလိခ် ဖော်ထုတ်ချက် ၀န်ကြီးကလင်တန် ရှုတ်ချ

ဝီကီလိခ် (WikiLeaks) အင်တာနက် ၀က်ဘ်ဆိုက်ကနေ အမေရိကန် သံတမန်တွေရဲ့ ကြေးနန်းစာ ၂၅၀,၀၀၀ ကျော် ထွက်ပေါ်လာတာကို အမေရိကန်က ရှုတ်ချလိုက်ပါတယ်။

အခုလို ဖွင့်ချလိုက်တာက အမေရိကန် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကျိုးစီးပွားတွေနဲ့ နိုင်ငံတကာ အသိုက်အ၀န်းကို တိုက်ခိုက်တာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောပါတယ်။ နောက်တခါ အခုလို မဖြစ်ရအောင် သတင်းခိုးတဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ အမေရိကန် ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ဆောင်ရွက်နေတယ်လို့လည်း သူမက ပြောပါတယ်။

အခုလို ဖွင့်ချလိုက်တဲ့အတွက် လူပုဂ္ဂိုလ်တွေရဲ့ အန္တရာယ် စိုးရိမ်ရသလို အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်ရာလည်း ရောက်တဲ့အပြင် အားလုံးကြုံနေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အမေရိကန်က တခြားတိုင်းပြည်တွေနဲ့ ကြိုးစားနေတာတွေကိုလည်း ဖျက်လိုဖျက်ဆီး လုပ်ရာရောက်တယ်လို့ မစ်စ် ကလင်တန်က ဆိုပါတယ်။

အခုထွက်သွားတဲ့ ကြေးနန်းစာတွေနဲ့ အမေရိကန်ရဲ့ မူဝါဒကို ချမှတ်တာ မဟုတ်ဘူး ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သိစေလိုပါတယ်လို့ မစ်စ် ကလင်တန်က ပြောပါတယ်။

ကုလသမဂ္ဂ တာဝန်ရှိသူတွေရဲ့ အကြွေးဝယ်ခွင့် ကတ်ပြား နံပါတ်တွေနဲ့ လေယာဉ် မကြာခဏ စီးသူများ ရရှိတတ်တဲ့ အဖွဲ့ဝင် နံပါတ်တွေကိုလည်း ရရှိအောင် ကြိုးစားဖို့ အမေရိကန် သံတမန်တွေကို ၀ါရှင်တန်က ခိုင်းခဲ့တာကို ကြေးနန်းစာတွေထဲမှာ တွေ့ရကြောင်း သတင်းတွေက ဆိုပါတယ်။

သိလိုတဲ့ နိုင်ငံခြား တာဝန်ရှိသူတွေရဲ့ DNA၊ မျက်လုံးကြွက်သား ဓာတ်ပုံနဲ့ တခြား သတင်း အချက်အလက်တွေကိုလည်း ရယူဖို့ တောင်းခဲ့တယ်လို့ သတင်းတွေက ပြောပါတယ်။

သတင်းခိုးသူတွေနဲ့ ထုတ်ပြန်သူတွေဟာ ရာဇ၀တ်မှု ကျူးလွန်သူတွေ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က ပြောပါတယ်။ အခုလို စာရွက်စာတမ်းတွေ ထွက်သွားတဲ့ ကိစ္စအပေါ် ရာဇ၀တ်ကြောင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့လည်း ရှေ့နေချုပ် အဲရစ် ဟိုလ်ဒါ (Eric Holder) က ဆိုပါတယ်။

XS
SM
MD
LG