သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရနဲ့ ချင်းအမျိုးသားတပ်ဦး အပစ်ရပ်သဘောတူ


မြန်မာအစိုးရနဲ့ ချင်းအမျိုးသားတပ်ဦး အပစ်ရပ်သဘောတူ
မြန်မာအစိုးရနဲ့ ချင်းအမျိုးသားတပ်ဦး အပစ်ရပ်သဘောတူ

ချင်းအမျိုးသားတပ်ဦး (CNF) က ဇန်နဝါရီလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ချင်းပြည်နယ် မြို့တော် ဟားခါးမှာ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးကြရာမှာ ဇန်နဝါရီလ ၅ ရက်နေ့က ပြည်နယ်အစိုးရအဆင့်နဲ့ အဓိက ဆွေးနွေးပြီး ဇန်နဝါရီလ ၆ ရက်မှာတော့ ပြည်ထောင်စုအဆင့်နဲ့ အဓိက ဆွေးနွေးခဲ့တယ်လို့ ဒီဆွေးနွေးပွဲကို ပါဝင် တက်ရောက်ခဲ့တဲ့ အစိုးရအာဏာပိုင်တစ်ဦး ပြောဆိုတာကို ကိုးကားပြီးတော့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့ နောက်ဆုံး ဆွေးနွေးပွဲမှာတော့ အပစ်အခတ် ရပ်စဲရေးအတွက် နေ့ခင်း ၂ နာရီ လောက်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီလို လက်မှတ်ရေးထိုးရာမှာ ချင်းပြည်နယ် အစိုးရဘက်က နယ်စပ်ဒေသ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်းဦးက ဦးဆောင် လက်မှတ် ရေးထိုးခဲ့ပြီး CNF ဘက်တော့ တွဲဘက် အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ဆလိုင်းရွှေခါးက ဦးဆောင် လက်မှတ်ထိုးခဲ့ပါတယ်။

အသိသက်သေတွေ အဖြစ်ကတော့ မြန်မာအစိုးရဘက်က မီးရထားပို့ဆောင်ရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီး ဦးဝင်းထွန်း၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်းတို့ ပါဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ နှစ်ဘက် အပစ်အခတ် ရပ်စဲဖို့အပြင် ထန်တလန်မြို့မှာ CNF ရဲ့ ဆက်ဆံရေးရုံး ဖွင့်လှစ်ဖို့ သဘောတူညီခဲ့ပြီး မတူပီနဲ့ တီးတိန်မြို့တွေမှာ ဖွင့်လှစ်ဖို့တော့ ဆက်လက် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် လက်နက်မပါဘဲ နယ်မြေဖြတ်သန်းခွင့် ပြုရေးနဲ့ ပြည်ထောင်စုအဆင့်နဲ့ မကြာခင် ဆက်လက်ဆွေးနွေးဖို့ ဆိုတာတွေကို သဘောတူညီခဲ့ပါတယ်။

CNF အဖွဲ့ဟာ ၁၉၈၈ ခုနှစ်၊ မတ်လမှာ အိန္ဒိယ-မြန်မာ နယ်စပ်ဒေသမှာ စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၈ လေးလုံး ဒီမိုကရေစီရေး လှုပ်ရှားမှုအပြီးမှာ ချင်းကျောင်းသားတွေက ဦးဆောင်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တန်းတူညီမျှရေး အတွက် ၂၃ နှစ်ကြာ အစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ CNF နဲ့ မြန်မာစစ်အစိုးရအကြား အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးခဲ့ဖူးပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

XS
SM
MD
LG