အမေရိကန်နဲ့ ထိုင်း စစ်တပ်တို့ရဲ့ နှစ်စဉ်ကျင်းပနေကြ အရေးပါတဲ့ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာ စစ်တပ်ကို လေ့လာသူ အဖြစ် ဖိတ်ကြားထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။
နှစ်စဉ် ကျင်းပတဲ့ Cobra Gold - ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်နဲ့ ထိုင်းစစ်တပ်တို့က ဦးဆောင်ပြီး တခြား အာရှနိုင်ငံတွေက စစ်တပ်တွေလည်း ပါဝင်ကြတာပါ။ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့ လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့ရေး၊ သဘာဝဘေးဒဏ် ကယ်ဆယ်ရေးတို့မှာ မြန်မာ စစ်တပ် လေ့လာဖို့ အရင်က ဖိတ်ကြားခဲ့ကြောင်း အမေရိကန် စစ်ဌာနချုပ် ပင်တဂွန် ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး Christopher Logan က Reuters သတင်းဌာနကို ပြောဆိုပြီး မြန်မာ စစ်တပ်ကို ထိုင်းဘက်က ထပ်ပြီး ဖိတ်ကြားခဲ့တာလို့လည်း ပြောပါတယ်။
မူဆလင် ရိုဟင်ဂျာတွေကို လူမျိုးစုအလိုက် ရှင်းလင်းနေတယ်လို့ အမေရိကန်ဘက်က ပြင်းပြင်းထန်ထန် စွပ်စွဲ ပြောဆိုထားသလို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာလည်း ရိုဟင်ဂျာတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိတယ်လို့ ပြောဆိုပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် မောင်မောင်စိုးကို အမေရိကန်က ဒဏ်ခတ် အရေးယူခဲ့တာပါ။
ထိုင်းတော်ဝင် တပ်မတော် ပူးတွဲ ထောက်လှမ်းရေး အဖွဲ့ အရာရှိ တဦးကတော့ အငြင်းပွားဖွယ် ရိုဟင်ဂျာ ကိစ္စကို စစ်ရေးလေ့ကျင့်မှု ဖိတ်ကြားတဲ့ အခါမှာ ရည်ညွန်းပြောဆိုခြင်း မရှိဘူးလို့ ပြောပါတယ်။ အဲဒါက နိုင်ငံရေး ဖြစ်ပြီး ကျနော်တို့က စစ်သားတွေ ဖြစ်တယ်။ ဒါက စစ်ရေးလေ့ကျင့်မှု တခု ဖြစ်တယ်လို့လည်း သူက ပြောခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။