သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှမှာ အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု ကန် စတင်


အာရှမှာ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကြီးဖြစ်တဲ့ ရွှေမြွေဟောက်လို့အဓိပ္ပါယ်ရတဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထိုင်းနိုင်ငံမှာ စတင်ခဲ့ပါတယ်။ ၃၆ ကြိမ်မြောက် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်နဲ့ ထိုင်းတပ်ဖွဲ့ဝင်တွေအပြင် စင်္ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံက တပ်ဖွဲ့ဝင်တွေလည်း ပူးပေါင်းပါဝင်ကြပါတယ်။

Chonburi နဲ့ Nakhon Ratchasima ခရိုင်တို့မှာ ၁၁ ရက်ကြာမယ့် စစ်ရေးလေ့ကျင့်မှုတွေအတွင်း ရေကြောင်းလုံခြုံရေးတိုးမြှင့်ရေး၊ အန္တရာယ်ရှိနေတဲ့ ရောဂါဖြစ်ပွားမှု ကာကွယ်ရေးနဲ့ ပျံ့ပွားမှု ထိန်းသိမ်းရေး၊ ကြီးမားတဲ့ သဘာဝဘေးဒဏ်တွေ ကျရောက်လာရင် ကူညီကယ်ဆယ်ရေးလို ခက်ခဲရှုပ်ထွေးတဲ့ ကိစ္စမျိုးတွေကို နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ပိုပြီး ထိထိရောက်ရောက် ဖြစ်စေရေးအတွက် လေ့ကျင့်သွားကြမှာဖြစ်တယ်လို့ ဘန်ကောက်မြို့ အမေရိကန်သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုနှစ်မှာ လူသားချင်းစာနာမှုနဲ့ ဘေးဒဏ်ကယ်ဆယ်ကူညီရေးတွေကို အဓိကထား လေ့ကျင့်ကြမှာဖြစ်ပြီး လူသားစာနာမှု အကူအညီပေးတာနဲ့ဆိုင်တဲ့ လေ့ကျင်မှုတွေမှာ တရုတ်နဲ့ အိန္ဒိယကလည်း ပါဝင်ပူးပေါင်းလေ့ကျင့်ကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အပါအဝင် ၁၀ နိုင်ငံကျော်ကလည်း Cobra Gold စစ်ရေးလေ့ကျင့်မှုကို လေ့လာသူအဖြစ် ပါဝင်ကြပါတယ်။

အမေရိကန်နဲ့ ထိုင်းစစ်တပ်ကြား ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေကို ၁၉၈၀ ခုနှစ်ထဲက စတင်ခဲ့ပြီး အခုတော့ အာရှ-ပစိဖိတ်နိုင်ငံတွေက တပ်ဖွဲ့ဝင်တွေ ပါဝင်လာကြတာပါ။ ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်မှာ ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် အမေရိကန်က ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မဖျက်ခဲ့ပေမဲ့ စေလွှတ်တဲ့ အမေရိကန်စစ်သား အရေအတွက်ကို ၈၀၀၀ ကနေ လျှော့ချခဲ့ပါတယ်။

အခုနှစ်မှာ အမေရိကန်ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ မရင်းတပ်ဖွဲ့ဝင်ပေါင်း ၃၆၀၀ လောက် ပါဝင် စစ်ရေးလေ့ကျင့်နေကြတယ်လို့ အမေရိကန် ကာကွယ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ကြတဲ့ နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှုတိုးတက်ရေးနဲ့ တုံ့ပြန်ရင်ဆိုင်နိုင်မှုပိုင်း ပိုပြီးအဆင်သင့်ဖြစ်ရေးအတွက် လေ့ကျင့်သွားကြမှာဖြစ်တယ်လို့ အမေရိကန် ပစိဖိတ်ကွပ်ကဲရေး တပ်မှူးကြီး ရေတပ်ဗိုလ်ချုပ်ကြီး Harry B. Harris Jr. က ပူးတွဲစစ်ရေးလေ့ကျင့်ပွဲ ဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG