သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော်လိုရာဒို ပစ်ခတ်မှု လူ ၄ ယောက်သေ


အမေရိကန် ပြည်ထောင်စုမှာ ပြီးခဲ့တဲ့နှစ်က ရုပ်ရှင်ရုံတရုံမှာ လူအစုလိုက် အပြုံလိုက် ပစ်သတ်ခံခဲ့ရတဲ့ ကော်လိုရာဒို ပြည်နယ် Aurora မြို့မှာ ရဲတွေနဲ့ သေနတ်သမားတဦး ထိပ်တိုက် ရင်ဆိုင် တိုးခဲ့ရပြီးတဲ့နောက် သေနတ်သမား အပါအဝင် လူ ၄ ဦး သေဆုံး သွားပါတယ်။ စနေနေ့ ပစ်ခတ်မှု အတွင်း အိမ်တလုံးထဲမှာ အကာအကွယ်ယူထားတဲ့ သေနတ်သမားကို ရဲတွေက ဝင်ရောက် ရှင်းလင်းချိန်မှာ သေဆုံးခဲ့တာလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမဲ့လည်း သေနတ်သမား ကိုယ့်ကိုယ်ကို အဆုံးစီရင်ရာက သေဆုံးခဲ့တာ ဟုတ်မဟုတ် ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အိမ်ထဲမှာတော့ နောက်ထပ် သေဆုံးနေသူ လူ ၃ ယောက်ကို တွေ့ရပြီး၊ ကျန်တယောက်ကတော့ ထိခိုက်မှုမရှိဘဲ ထွက်ပြေးလွတ်မြောက်ခဲ့တာပါ။ အခုနောက်ဆုံး ပစ်ခတ်မှု ဖြစ်ပွားတဲ့ Aurora မြို့ဟာဆိုရင် ပြီးခဲ့တဲ့နှစ် ဇူလိုင်လထဲ the Dark Knight Rises ဆိုတဲ့ လင်းနို့လူသား ရုပ်ရှင်ပြသခဲ့တဲ့ ရုံတရုံမှာ သေနတ်သမား တယောက် ဝင်ပစ်ခဲ့လို့ လူ ၁၂ ယောက်အထိ သေဆုံးပြီး ၅၈ ယောက်အထိ ဒဏ်ရာရခဲ့ဖူးတဲ့ မြို့လည်း ဖြစ်ပါတယ်။

ရုပ်ရှင်ရုံ ပစ်ခတ်မှုမှာ တုန်းကတော့ သေနတ်သမား James Holmes ဟာ ရုံထဲကို မျက်ရည်ယိုဗုံး ပစ်သွင်းပြီးမှ ပရိတ်သတ်တွေကို ပစ်ခတ်ခဲ့တာလို့ ရဲက ပြောပါတယ်။ သူ့ကိုတော့ လူသတ်မှု၊ လူသတ်ဖို့ ကြံစည်မှု၊ ဖောက်ခွဲရေးပစ္စည်း လက်ဝယ်ပိုင်ဆိုင်မှု စတဲ့ အမှုတွေ အပါအဝင် အမှုပေါင်း ၁၄၂ မှုနဲ့ တရားစွဲဆိုထားပြီး၊ အမှုအတွက် ကြိုတင်ကြားနာမှုတွေကိုတော့ တနင်္လာနေ့မှာ စတင်ဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG