သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်ရုံဝန်ထမ်းထောက်ခံစာအတွက် စာရင်းစကောက်


လှိုင်သာသာ အထည်ချုပ် စက်ရုံတခုရဲ့ မြင်ကွင်း။ (ဓာတ်ပုံ - European Union Myanmar Facebook - ဇူလိုင် ၀၄၊ ၂၀၂၀)
လှိုင်သာသာ အထည်ချုပ် စက်ရုံတခုရဲ့ မြင်ကွင်း။ (ဓာတ်ပုံ - European Union Myanmar Facebook - ဇူလိုင် ၀၄၊ ၂၀၂၀)

သင်္ကြန်ပိတ်ရက် နေရပ်ပြန်ကြမဲ့ ရန်ကုန်မြို့က ရွှေပြည်သာနဲ့ လှိုင်သာယာ စက်မှုဇုံက စက်ရုံဝန်ထမ်းတွေကို ခရီးသွား ထောက်ခံစာသဘောမျိုး စက်ရုံတချို့က ထုတ်ပေးဖို့ ပြင်ဆင်နေပါတယ်။ စက်ရုံဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာလုပ်ဖို့ စာရင်းကောက်နေတယ်လို့ စက်ရုံဝန်ထမ်းတွေက VOA ကို ပြောပါတယ်။ မစုမြတ်မွန်က အပြည်အစုံပြောပြပါမယ်။

သင်္ကြန်ကာလ နေရပ်ဒေသကို ပြန်ကြမယ့် ရန်ကုန်စက်မှုဇုံတွေမှာ အလုပ်လုပ်နေကြသူတွေအတွက် ခရီးသွား ထောက်ခံစာသဘောမျိုး ထုတ်ပေးနိုင်ဖို့ စက်ရုံတချို့က ပြင်ဆင်နေပါတယ်။ လှိုင်သာယာ စက်မှုဇုံစက်ရုံမှာအလုပ်လုပ်နေသူ တယောက်က စက်ရုံဝန်ထမ်း ဖြစ်တယ်ဆိုတာ ထောက်ခံစာပေးဖို့ သူတို့စက်ရုံမှာ စာရင်းကောက်နေတယ်လို့ VOA မြန်မာပိုင်းကို ပြောပါတယ်။

"ညီမတို့စက်ရုံကတော့ အခု စက်ရုံဝန်ထမ်းဖြစ်ကြောင်း အာမခံကိုတော့ အဆင်ပြေပြေပဲ လုပ်ပေးနေတယ်။ ဘယ်လို ကန့်သတ်ချက်မှတော့ မရှိပါဘူး။ တခြားစက်ရုံတွေကိုတော့ မပြောတတ်ဘူးပေါ့နော်။ ဒီနေ့မှ ဒီသတင်းကို သိထားတာဆိုတော့ တခြားစက်ရုံတွေရဲ့ အခြေအနေတွေကို ချိတ်ဆက်ပြီး ပြန်စုံစမ်းကြည့်ရဦးမယ်။"

သင်္ကြန်တွင်း ခရီးသွားလာကြမယ့် ဝန်ထမ်းတွေ လမ်းခရီးမှာ အခက်အခဲမရှိအောင် စက်ရုံ၊ ကုမ္ပဏီတွေအနေနဲ့ ထောက်ခံစာ လုပ်ပေးဖို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းက စာထုတ်ထားပါတယ်။ ထောက်ခံစာအတွက် ကန့်သတ်ချက်တွေ မရှိပေမယ့် သင်္ကြန်ပိတ်ရက်ပြီးလို့ အလုပ်ပြန်တက်ရမယ့်နေ့မှာ အလုပ်မဆင်းနိုင်ခဲ့ရင် သင်္ကြန်ပိတ်ရက်တွေအတွက် လုပ်ခလစာ ပေးမှာမဟုတ်ဘူးလို့ သတိပေးထားတယ်လို့ ရွှေပြည်သာ စက်ရုံလုပ်သားတဦးက ပြောပါတယ်။

"အခုလောလောဆယ်တော့ သူတို့က ထောက်ခံစာထုတ်ပေးမယ် ဆိုပြီးတော့ပဲ စာရင်းကောက်ခိုင်းထားတာ။ ကျန်တာတော့ ဘာမှမပြောသေးဘူး။ ဧပြီလ ၁၂ ရက်နေ့အတွက် အခုလ ၃၁ ရက်နေ့ကို ရက်အစားထိုး အလုပ်ဆင်းပေးရမယ်။ လုပ်ခလစာကိုတော့ ပုံမှန်အတိုင်းပဲ သင်္ကြန်ပိတ်ရက် ၁၀ ရက်နားတာကို ပေးတယ်။ ဒါပေမဲ့ အလုပ်ပြန်ဖွင့်တဲ့ရက်မှာ အလုပ်လာမဆင်းတဲ့လူကို ၁၀ ရက်ခ Day ကြေး မပေးဘူးလို့တော့ ပြောတယ်။ သူတို့ပြောတာက သင်္ကြန်ပိတ်ရက်က ၉ ရက်ပဲ ရှိတယ်ဆိုတော့ ၁၂ ရက်နေ့က စပိတ်မယ်ဆိုရင် ၁၂ ရက်နေ့အတွက်ကို တနင်္ဂနွေ ၁ ရက်အစား ပြန်ပေးရမယ်ဆိုပြီး ဆင်းခိုင်းတာပဲ။"

သင်္ကြန်ပိတ်ရက်အတွက် ၁ ရက်ပို ပိတ်ပေးမယ့်နေ့အတွက် တနင်္ဂနွေနေ့ကို ရက်အစားထိုး ကြိုပြီးအလုပ်ဆင်းပေး ရမယ်လို့ စက်ရုံလုပ်သားတဦးက ပြောပါတယ်။

"လုပ်ခလစာက ၅ ရက်နေ့ဆို လစာပေးတယ်လေ။ တချို့စက်ရုံတွေဆိုရင် ဒီသင်္ကြန်တွင်းရက်ကို ပိုပြီးတော့ပိတ်ပေး စေချင်တယ်ဆိုရင် တနင်္ဂနွေနေ့တွေမှာ ရက်အစားထိုးဆိုပြီး ခေါ်လိုက်တယ်။ တနင်္ဂနွေနေ့တွေမှာ ရက်ကို တရစပ်ဆင်းရပြီးတော့ သင်္ကြန်ရက်တွေမှာ ပိုပြီးပိတ်ပေးတာပေါ့။ သူများတကာတွေက ၉ ရက်ဆို သူတို့က ၁၂ ရက် ပိတ်ပေးတာပေါ့။"

ကုမ္ပဏီတွေ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်ကြသူတွေကို နေရပ်တွေပြန်တဲ့အခါ လမ်းခရီးမှာ အခက်အခဲ မဖြစ်အောင် ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာလုပ်နေတဲ့ အခု ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ပြည်တွင်းမှာ ခရီးသွားလာဖို့အတွက် မှတ်ပုံတင် မဖြစ်မနေလိုအပ်ပြီး၊ နောက်ပိုင်းမှာ မှတ်ပုံတင်အပြင် ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာပါ ယူရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် တရားဝင်စာထွက်လာတာတော့ မရှိသေးပါဘူး။

Forum

XS
SM
MD
LG