သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈ လေးလုံးအရေးတော်ပုံကာလ သေဆုံး ပျောက်ဆုံးစာရင်း စုဆောင်းနေ


၈လေးလုံးအရေးတော်ပုံ လူထုလှုပ်ရှားမှု အောက်မေ့ဖွယ်အခမ်းအနား ချီတက်ကြစဉ်။ (သြဂုတ် ၈၊ ၂၀၁၄)
၈လေးလုံးအရေးတော်ပုံ လူထုလှုပ်ရှားမှု အောက်မေ့ဖွယ်အခမ်းအနား ချီတက်ကြစဉ်။ (သြဂုတ် ၈၊ ၂၀၁၄)

၈ လေးလုံးအရေးတော်ပုံက ထွက်ပေါ်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရခေတ်မှာ လွန်ခဲ့တဲ့ ၂၈ နှစ်က အာဏာရှင်စနစ်ကို တွန်းလှန်ရင်း ၈ လေးလုံးအရေးတော်ပုံမှာ ကျဆုံး၊ ပျောက်ဆုံးသွားတဲ့ ရဟန်းရှင်လူ ပြည်သူတွေရဲ့ သမိုင်းမှတ်တမ်းကို အခိုင်အမာပြုစုပြီး ဂုဏ်ပြုမှတ်တမ်းတင်စေလိုတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ၈ လေးလုံး အရေးတော်ပုံအတွင်း ပျောက်ဆုံး သွားသူတွေနဲ့ တောတွင်းမှာ ကျဆုံးသွားသူတွေရဲ့ အမည်၊ နေရပ်လိပ်စာ ကျဆုံးပျောက်ဆုံးဖြစ်စဉ်တွေကို သက်ဆိုင်တဲ့ မိသားစုဆွေမျိုး ညီအကိုမောင်နှမ မိဘပြည်သူတွေအနေနဲ့ ၈ လေးလုံးနှစ်ပတ်လည်နေ့မတိုင်ခင် သမိုင်းမှတ်တမ်းတင်နိုင်ရေး ဆက်သွယ် ပေးပို့ကြဖို့လည်း နိုးဆော်နေပါတယ်။ အသေးစိတ် မဆုမွန် တင်ပြထားပါတယ်။

အခုလာမယ့် ၂၀၁၆ ခုနှစ် သြဂုတ်လ ၈ နေ့ဆိုရင် မြန်မာပြည်မှာ တစ်ပါတီစစ်အာဏာရှင်စနစ်ကို နိုင်ငံတဝှမ်း ရဟန်းရှင်လူကျောင်းသားပြည်သူတွေ လှည်းနေ၊ လှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တော်လှန်ခဲ့ကြတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တဲ့ ၂၈နှစ်မြောက် နှစ်ပတ်လည်နေ့ရောက်ရှိ မှာဖြစ်ပါတယ်။ အာဏာရှင်စနစ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန့်ကျင် ဆန္ဒပြခဲ့ကြတဲ့ ပြည်သူလူထုကို စစ်တပ်ဘက်က လက်နက်နဲ့အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အတွက် ဆန္ဒပြရင်းအသက်ဆုံးရှုံး သေဆုံးပျောက်ဆုံး ကျဆုံးခဲ့ရသူ ပြည်သူတွေ အများအပြားရှိခဲ့ပါတယ်။

ဆန္ဒပြရင်းလမ်းပေါ်မှာ သေဆုံးခဲ့ရတာ၊ အဖမ်းခံရလို့ ထောင်တွင်းမှာ သေဆုံးခဲ့တာတွေအတွက် တချို့ မိသားစုက အလောင်းပြန်ရခဲ့တာ သက်ဆိုင်ရာ အာဏာပိုင်က လာရောက် အကြောင်းကြားတာတွေရှိပေမဲ့လို့ တချို့ ဘယ်လိုမှ ဆက်သွယ်စုံစမ်းလို့မရပဲ ပျောက်ဆုံးသွားသူတွေ ကျဆုံးသွားသူတွေအတွက် အထောက်အထားခိုင်လုံ တိကျတဲ့စာရင်းအရေအတွက် မရှိခဲ့လို့ ၈လေးလုံးအရေးတော်ပုံအတွင်း မည်ရွေ့မည်မျှ သေဆုံးခဲ့ရတယ် ပျောက်ဆုံးသွားတယ်ဆိုတဲ့ စာရင်းအတိအကျ ဒီမိုကရေစီအစိုးရလက်ထက်မှာတော့ သမိုင်းမှတ်တမ်းရှိစေချင်တယ်လို့ အရေးတော်ပုံမှာ ပါဝင်ခဲ့ကြတဲ့ တော်လှန်ရေး အင်အားစုတွေ ပေါင်းစုရာ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဆန္ဒရှိကြပါတယ်။

၈လေးလုံးအရေးတော်ပုံက အခြေတည်ပေါ်ပေါက်လာတဲ့ NLD ပါတီ အစိုးရဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရလက်ထက်မှာ ဒီမိုကရေစီအရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ပြည်သူတွေရဲ့ ကျဆုံးပျောက်ဆုံးစာရင်းကို သမိုင်းဝင် မှတ်တမ်းတင် ဂုဏ်ပြုစေလိုတဲ့အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းတွေက အခုလို သမိုင်းမှတ်တမ်းပြုစုဖို့ တောင်းခံနေကြတာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ကိုသက်ဦးက ဗွီအိုအေကိုပြောပါတယ်။

"သမိုင်းမှတ်တိုင်တခုအနေနဲ့ ကျနော်တို့ စာရင်းပြုစုပြီးတော့ ထုတ်ပြန်ဖို့အတွက် ရည်ရွယ်ပြီးတော့ ကျနော်တို့က ဆောင်ရွက်နေတာ။ အမှန်တော့ အစိုးရသစ်ကလည်း ပူပူနွေးနွေး ကာလဖြစ်တယ်။ နောက်ပြီးတော့ သူတို့ကလည်း စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ရမယ်ပေါ့။ အဲ့လိုဖြစ်နေတဲ့အချိန်မှာ ကျနော်တို့ နိုင်ကျဉ်းအဖွဲ့အနေနဲ့ ကျနော်တို့ တတ်နိုင်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တခုကို စပြီး လုပ်တာပေါ့လေ။

အဲ့ဒီ့ကနေမှတဆင့် နိုင်ငံတော်အစိုးရအဖွဲ့မှာလည်း နိုင်ကျဉ်းတွေ ပါနေတယ်။ ပါနေတော့ ဒါတွေကို ချဉ်းကပ်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် သူတို့ မလုပ်နိုင်တာတောင် ကျနော်တို့အဖွဲ့အနေနဲ့ ဆောင်ရွက်မယ်ဆိုတဲ့ သန္နိဌာန်ချပြီးတော့ ဆောင်ရွက်တာပါ။"

၈လေးလုံးအရေးတော်ပုံကို သိမှီ ဖြတ်သန်းခဲ့တဲ့ ပြည်သူတွေအနေနဲ့ အရေးတော်ပုံအတွင်း ပျောက်ဆုံးသွားသူတွေနဲ့ တောတွင်းမှာ ကျဆုံးသွားသူတွေရဲ့ အမည်၊ နေရပ်လိပ်စာ ကျဆုံးပျောက်ဆုံးခဲ့တဲ့ နေ့ရက် နေရာမြို့နယ် ဖြစ်စဉ်တွေကို သက်ဆိုင်တဲ့ မိသားစုဆွေမျိုး ညီအကိုမောင်နှမ မိဘပြည်သူတွေအနေနဲ့ ၈လေးလုံးနှစ်ပတ်လည်နေ့မတိုင်ခင် သမိုင်း မှတ်တမ်းတင်ပေးကြဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ကို လာရောက်ဆက်သွယ်ကြဖို့ နိုးဆော်နေတယ်လို့ ကိုသက်ဦးက ဆက်ပြောပါတယ်။

"အဲ့ဒီ့တုန်းက ကျဆုံးသွားတဲ့သူတွေမှာ အမျိုးမျိုးရှိတာပေါ့နော်။ တချို့ကလည်း ထောင်ဂဏန်း၊ တချို့ကလည်း သောင်းဂဏန်း၊ တချို့ကလည်း သိန်းဂဏန်းပေါ့။ ယေဘူယျဆန်တယ်ပေါ့။ ကျနော်တို့ အဲ့ဒီ့ကာလတုန်းက လမ်းမပေါ်မှာ ဘယ်လောက်ကျဆုံးခဲ့လဲ။ ဘယ်နေရာမှာ ဘယ်လိုကျဆုံးခဲ့လဲပေါ့။ ဒါပေမဲ့ ကျနော်တို့ကို ဒီလိုစာရင်းတွေ ပေးတိုင်း ပြန်ပြီးတော့ Confirm လုပ်မှာပါ ။ လုပ်ပြီးတော့မှ
ဒါတွေကို ထုတ်ပြန်မှာပါ။"

နိုင်ငံရေးအကျဉ်းသားဟောင်းတွေဘက်က တနိုင်ငံလုံးအတိုင်းအတာနဲ့ စာရင်းပြုစုမှတ်တမ်းရယူနေတာဖြစ်ပြီး လာမယ့် သြဂုတ်လ ၈ရက်နေ့မှာ ရယူနိုင်ခဲ့တဲ့ စာရင်းကို စနစ်တကျ သေချာစိစစ်စုံစမ်းပြီးမှ ထုတ်ပြန်ပြီး သမိုင်းမှတ်တမ်းတင်သွား မှာဖြစ်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီကပြောပါတယ်။

ဦးနေဝင်းဦးဆောင်တဲ့ မဆလ တပါတီအာဏာရှင်စနစ်ကနေ ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ပေါ်လာရေး နိုင်ငံတဝန်း ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့အတွက် တပါတီစနစ်ပြုတ်ကျပြီး ၁၉၉၀ မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကျင်းပခဲ့ပါ တယ်။ ဒါပေမဲ့လည်း ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အုပ်ချုပ်ရေးအာဏာ မလွှဲပြောင်းပေးခဲ့ပဲ စစ်အာဏာရှင်စနစ် ဆက်လက်ရှင်သန်ခဲ့ပြီး စစ်တပ်ကပဲ ဆက်ပြီးအုပ်ချုပ်ခဲ့ရာကနေ ၂၀၁၀မှာ ရွေးကောက်ပွဲကျင်းပပြီး အရပ်သားအစိုးရအသွင် ပြောင်းခဲ့ပါတယ်။ အတိုက်အခံပါတီ NLD က ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေ လွှတ်တော်ထဲ စရောက်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ၁၉၉၀ တုန်းကလိုပဲ ပြည်သူ့ဆန္ဒမဲ အပြတ်အသတ်နဲ့ အနိုင်ရခဲ့တာပါ။ ၂၀၁၆ မတ်လ ၃၀ ရက်နေ့မှာတော့ နိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာကို တရားဝင် လွှဲပြောင်းလက်ခံယူထားပြီဖြစ်ပါတယ်။

XS
SM
MD
LG