သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုလံဘီယာသူပုန်ခေါင်းဆောင် လုံးဝအပစ်ရပ်စဲဖို့ အမိန့်ထုတ်


FARC သူပုန်ခေါင်းဆောင် Rodrigeo Londono လုံးဝအပစ်ရပ်စဲဖို့ အမိန့်ထုတ်
FARC သူပုန်ခေါင်းဆောင် Rodrigeo Londono လုံးဝအပစ်ရပ်စဲဖို့ အမိန့်ထုတ်

ကိုလံဘီယာနိုင်ငံမှာ အစိုးရနဲ့ ထာဝရငြိမ်းချမ်းရေးရယူမယ့် အစီအစဉ်တစိတ်တပိုင်းအဖြစ်၊ အပြီးသတ်အပစ်အခတ် ရပ်စဲဖို့ FARC သူပုန်တပ်ဖွဲ့က အမိန့်ထုတ်လိုက်တဲ့အတွက်၊ ကမ္ဘာပေါ်မှာ သက်တမ်းအကြာဆုံး လက်နက်ကိုင် ပဋိပက္ခတွေထဲ တခုအပါအဝင်ဖြစ်တဲ့ ကိုလံဘီယာ ပြည်တွင်းစစ် အဆုံးသတ်သွားပါပြီ။

ပြန်လည်ရင်ကြားစေ့ဖို့ ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်ရှိတယ်ဆိုတာကို ပြသလိုကြောင်း၊ စစ်သားတွေ၊ မရိန်းတပ်ဖွဲ့ဝင်တွေ၊ လေတပ်က ပိုင်းလော့တွေ၊ ရဲ၊ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အဖွဲ့အစည်းတွေ အားလုံးကို အသိပေးလိုပါတယ်။ ရန်လိုမုန်းတီးမှုတွေကို အတိတ်မှာ ချန်ခဲ့ကြဖို့နဲ့ စစ်ပွဲကြောင့် သေဆုံးရတာတွေ ထိခိုက်နာကျင်ရတာတွေအတွက် ဝမ်းနည်းတသ ဖြစ်ရတဲ့အကြောင်းတွေကို FARC သူပုန်ခေါင်းဆောင် Rodrigeo Londono ခေါ် Timoshenko က ပြောဆိုခဲ့တာပါ။

ငြိမ်းချမ်းရေး အတွက် နှစ်ဘက်တို့ ကျူးဘားနိုင်ငံ ဟာဗားနားမှာ ၄ နှစ်ကြာ စေ့စပ်ညှိနှိုင်းခဲ့ကြတာပါ။ ပြီးခဲ့တဲ့ သတင်းပတ်မှာ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့ပြီး မာစ့်ဝါဒီ သူပုန်တွေနဲ့ ကိုလံဘီယာ အစိုးရ အဆက်ဆက်ရဲ့ ၅၂ နှစ်ကြာ တိုက်ပွဲတွေကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။ ကိုလံဘီယာ စစ်တပ် အနေနဲ့လည်း သူပုန်တွေကို တိုက်ခိုက်နေတာတွေကို တနလာၤနေ့က စလို့ အဆုံးသတ်မယ်လို့ ကိုလံဘီယာ သမ္မတ Juan Manual Santos ကလည်း ပြောဆိုပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီချက်ရဲ့ ကံကြမ္မာကတော့ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒသဘောထားပေါ်မှာ မူတည်နေပါတယ်။ အစိုးရနဲ့ FARC သူပုန်တို့ကြားက သဘောတူညီချက်ကို လာမယ့် အောက်တိုဘာလ ၂ ရက်နေ့မှာ လူထုဆန္ဒသဘောထားနဲ့ အတည်ပြုရဦးမှာ ဖြစ်ပါတယ်။ FARC သူပုန်အဖွဲ့ရဲ့ ထိပ်တန်း တပ်မှူးတွေကတော့ စာချုပ်ကို အတည်ပြုဖို့ အတွက် စက်တင်ဘာလထဲမှာ နောက်ဆုံးအကြိမ်အဖြစ် တွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။

နှစ်ဘက် သဘောတူညီချက်ကို တရားဝင် လက်မှတ်ရေးထိုးပြီးနောက် ၆ လ အတွင်းမှာ သူပုန်တွေက လက်နက်တွေ အပ်နှံရမှာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် FARC အဖွဲ့ဝင်တွေက တရားဝင် နိုင်ငံရေး လုပ်ငန်းမှာ ပါဝင်လာကြမှာပါ။ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှာ အမတ်နေရာ ၅ ခုစီ ပါဝင်တဲ့ လွှတ်တော် အမတ်နေရာ ၁၀ ကို FARC သူပုန်တွေရဲ့ ကိုယ်စားလှယ်တွေ ရရှိမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG