သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုပ်ရှင်ရုံပစ်ခတ်မှုဖြစ်အပြီး သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ ယာယီရပ်ဆိုင်း


ရုပ်ရှင်ရုံအတွင်း ပစ်ခတ်ခဲ့သူ James Holmes
ရုပ်ရှင်ရုံအတွင်း ပစ်ခတ်ခဲ့သူ James Holmes
အမေရိကန်ပြည်ထောင်စု၊ ကိုလိုရာဒိုပြည်နယ် (Colorado State)က ရုပ်ရှင်ရုံထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် လာမယ့် နိုဝင်ဘာလ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြ မယ့် ဒီမိုကရက်တစ်ပါတီ (Democratic Party) က လက်ရှိသမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကော ရီပတ်ဘလီကန်ပါတီ (Republican Party)က မစ် ရော်မနီ (Mitt Romney) ကောဟာ သေဆုံးသူတွေအတွက် ဝမ်းနည်းခြင်းအဖြစ် သူတို့ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေကို ရပ်ဆိုင်းလိုက်ကြပါတယ်။

ဇူလိုင်လ (၂၀) ရက်နေ့ညက ကိုလိုရာဒိုပြည်နယ်၊ ဒယ်န်ဗာ (Denver)မြို့ကြီးအနီးက အော်ရိုးရား (Auroa) မြို့လေးက Century 16 ရုပ်ရှင်ရုံမှာ လင်းနို့လူသား Batman ရုပ်ရှင် အတွဲလိုက်ထဲ က နောက်ဆုံးရုပ်ရှင် ဖြစ်တဲ့ The Dark Knight Rises ရုပ်ရှင်ပြသနေချိန်မှာ အသက် (၂၄) နှစ် အရွယ် ဂျိမ်းစ် ဟုမ်းစ် (James Holmes) ဆိုတဲ့ လူငယ်က သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ တာကြောင့် လူ (၁၂) ဦးသေဆုံးပြီး (၆၀) ထက်မနည်း ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။

သမ္မတ အိုဘားမားဟာ ဒီမိုကရက်တစ်ပါတီက စီစဉ်ထားတဲ့ လူထုဟောပြောပွဲကို ဖျက်သိမ်းလိုက်ပြီး တနိုင်ငံလုံးမှာ အမေရိကန်နိုင်ငံတော်အလံကို တိုင်တစ်ဝက်ချလွှင့် ထူကြဖို့ကိုလည်း အမိန့် ထုတ်ပြန် လိုက်ပါတယ်။

ရီပတ်ဘလီကန်ပါတီ (Republican Party)က သမ္မတလောင်းဖြစ်လာမယ့် မစ်(တ်) ရော်မနီ (Mitt Romney) က ဒီဖြစ်စဉ်ဟာ အမုန်းတရားနဲ့ကျူးလွန်တဲ့ပြစ်မှုလို့ ပြောဆိုလိုက်ပါတယ်။ ဂျိမ်းစ် ဟုမ်းစ်ကို နေအိမ်မှာ ရဲတွေက သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ ဘာအကြောင်းကြောင့် ဒီပစ်ခတ်မှုကို ကျူးလွန်ခဲ့သလဲဆိုတာ မသိရသေးပေမယ့် အကြမ်းဘက်သမား တိုက်ခိုက်မှုမျိုးနဲ့တော့ မပတ်သက်ဘူးလို့ ရဲက ဆိုပါတယ်။

ဂျိမ်းစ် ဟုမ်းစ်ဟာ မျက်ရည်ယိုစေတဲ့ ကျည်ဖူးတွေနဲ့ရုပ်ရှင်ရုံထဲကို အရင် ပစ်ခတ်ပြီးမှ၊ နောက်ထပ် ကျည်အစစ်တဲ့ သေနတ်နဲ့ ကြုံရာကျဘမ်း မြင်မြင်ရာကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG