သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုလံဘီယာအနောက်တောင်ပိုင်း မြစ်ရေလျှံမှု လူ၂၀၀ နီးပါးသေဆုံး


Colombia Mocoa
Colombia Mocoa

ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်းက မြစ်သုံးစင်း ရေကြီး ရေလျှံပြီး ပြီးခဲ့တဲ့ သောကြာနေ့ ညသန်းခေါင်ယံအချိန် ဒေသခံတွေ အိပ်ပျော်နေချိန် Mocoa မြို့ထဲကို ရေတွေ အလုံးအရင်းနဲ့ ဝင်ရောက်ခဲ့တာကြောင့် လူပေါင်း ၂၀၀ လောက် သေဆုံးပြီး အိုးအိမ်တွေနဲ့ အခြေခံ အဆောက်အအုံတွေ ပျက်စီးခဲ့ရပါတယ်။

အီကွေဒေါ နယ်စပ်က လူပေါင်း ၄ သောင်းနေထိုင်ရာ Mocoa မြို့ကို သမ္မတ Juan Manuel Santos မနေ့ စနေနေ့က သွားရောက်ခဲ့ပြီး လူထု အရေးပေါ် အခြေအနေ အဖြစ် ကြေညာခဲ့ပါတယ်။ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့လည်း သမ္မတက သတိပေးပါတယ်။ ရေဘေးကြုံတွေ့ခဲ့ရသူတွေ အတွက် ယူကြုံးမရ ဖြစ်ရပြီး ကူညီဆောင်ရွက်နိုင်တာ မှန်သမျှကို လုပ်ဆောင် သွားမယ်လို့လည်း သမ္မတက ပြောဆိုခဲ့ပါတယ်။ ရေကြီးမှုကနေ ဒဏ်ရာရခဲ့သူ ၄၀၀ ရှိပြီး ပျောက်ဆုံးနေသူ ၂၂၀ ရှိနေတယ်လို့ ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။ ရေကြီးမှု ဖြစ်ခဲ့တာကို ရိုက်ယူထားတဲ့ ဗီဒီယိုထဲမှာတော့ အဆောက်အအုံတွေ ပြားပြားဝပ်နေပြီး ပျက်စီးနေတဲ့ ကားတွေလည်း စုပုံနေပါတယ်။ သစ်ပင်တွေကတော့ အမြစ်ကနေ ပြိုလဲကျနေတာကိုလည်းတွေ့ရပါတယ်။ ရေဘေးဒဏ်ခံခဲ့ရပြီး ကြောက်လန့်တွေေ၀ နေကြတဲ့ ဒေသခံတွေကတော့ ပျက်စီးနေတဲ့ မြို့ထဲမှာ ရှာဖွေနေကြပြီး ဒဏ်ရာရသူတွေ၊ သေဆုံးသူတွေကို အပျက်အစီပုံတွေကြားကနေ ရှာဖွေ ကယ်ဆယ်နေကြပါတယ်။ ရက်ပေါင်းများစွာ မိုးသည်းခဲ့ပြီးနောက် အခုလို ရေကြီးမှု ကပ်ဘေးကြီးနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပြီး ဒေသတွင်း နေရာ အတော်များများမှာ လျှပ်စစ်မီးနဲ့ သောက်သုံးရေ ပြတ်လပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG