သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အိန္ဒိယခေါင်းဆောင်တွေနဲ့ တွေ့မည်


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂိုအာမြို့သို့ ရောက်ရှိ။ (ဇူလိုင် ၂၇၊ ၂၀၁၅။ ဓာတ်ပုံ-MOI)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂိုအာမြို့သို့ ရောက်ရှိ။ (ဇူလိုင် ၂၇၊ ၂၀၁၅။ ဓာတ်ပုံ-MOI)

အိန္ဒိယနိုင်ငံကို ၆ ရက်တာ ခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီသီတင်းပတ်အတွင်းမှာ အိန္ဒိယထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

အိန္ဒိယနဲ့မြန်မာနယ်စပ် မဏိပူရဒေသမှာ အစိုးရတပ်ဖွဲ့ အကြီးအကျယ် ခြုံခို တိုက်ခိုက်ခံရပြီးတဲ့နောက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ နှစ်ဘက်ခေါင်းဆောင်တွေ ဆွေးနွေးကြဖို့ရှိတာပါ။

အိန္ဒိယကို တနင်္ဂနွေမှာရောက်ရှိလာတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Goa ပြည်နယ်နဲ့ Bangalore ပြည်နယ်တို့ကို အရင်သွားရောက်ပြီး အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တို့မှာ ဝန်ကြီးချုပ် Narendra Modi ၊ အိန္ဒိယကာကွယ်ရေးဝန်ကြီး Manohar Parrikar ကြည်းတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Dalbir Suhag အမျိုးသားလုံခြုံရေးအကြံပေး Ajid Doval တို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အိန္ဒိယနိုင်ငံက PTI သတင်းမှာ ဖော်ပြထားပါတယ်။

မဏိပူရပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် စစ်သား (၁၈) ဦး သေဆုံးခဲ့ရတဲ့ဖြစ်ရပ်ဖြစ်ပွားပြီး နှစ်လနီးပါး အကြာမှာ သွားရောက်တဲ့ အခု ခရီးစဉ်အတွင်း နှစ်ဘက်စစ်ရေးပူးပေါင်းတိုးမြှင့်ဖို့နဲ့ နယ်စပ်လုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲ မှုတွေကို ပိုကောင်းမွန်အောင် လုပ်ဆောင်ဖို့တွေကို အဓိက ဆွေးနွေးကြမယ်လို့ အိန္ဒိယကာကွယ်ရေး သတင်းရပ်ကွက် က သိရပါတယ်။ အိန္ဒိယဘက်က အထူးတပ်ဖွဲ့ဝင် ၇၀ လောက်နဲ့အဖွဲ့ဟာ မောင်းပြန် သေနတ်တွေ၊ rocket လောင်ချာတွေ၊ လက်ပစ်ဗုံးတွေနဲ့ မြန်မာနိုင်ငံဘက်အခြမ်းကို ဝင်ရောက်ပြီး နာဂ သူပုန်တွေရဲ့ စခန်းတွေကို ပြန်ပြီး တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

မိုင် ၁၂၀၀ နီးပါးရှည်လျားတဲ့ အိန္ဒိယနဲ့ မြန်မာနယ်စပ်မှာ အခြေစိုက်ထားတဲ့ နာဂသူပုန်အဖွဲ့က ဇွန်လ ၄ ရက်နေ့တုန်းက ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် အိန္ဒိယတပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးခဲ့အပြီးမှာ အိန္ဒိယနဲ့ မြန်မာအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ အခုလို အရှိန်မြှင့်တင်လာတာ ဖြစ်ပါတယ်။

XS
SM
MD
LG