သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟံသာဝတီ ဦးဝင်းတင် အောက်မေ့ဖွယ် ကျင်းပ


ဦးဝင်းတင်နှစ်နှစ်ပြည့်အခမ်းအနား။
ဦးဝင်းတင်နှစ်နှစ်ပြည့်အခမ်းအနား။

ဝါရင့် နိုင်ငံရေးသမား သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၂ နှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနားတွေကို ရန်ကုန် မန္တလေးနဲ့ မြန်မာနိုင်ငံ မြို့ အချို့မှာ နိုင်ငံရေး လှုပ်ရှားသူတွေ စာရေးဆရာ ကဗျာဆရာတွေ ဦးဆောင် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဦးဝင်းတင်ဟာ NLD ပါတီကို တည်ထောင်ဦးဆောင်ခဲ့သူတဦးလည်းဖြစ်တာမို့။ အခုလို နိုင်ငံရေးအခြေအနေ အထူးသဖြင့် NLD ပါတီ အာဏာရချိန်မှာ ပိုပြီး အမှတ်ရ ဂုဏ်ပြုနေကြ တာ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က သတင်းပေးပို့ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်၊ ဝါရင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်တာ ဒီကနေ့ ဧပြီ ၂၁ရက်နေ့ဆိုရင် ၂ နှစ် တင်းတင်းပြည့်ပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် စာရေးဆရာ၊ ကဗျာဆရာတွေနဲ့ နိုင်ငံရေးသမားတွေ ဦးဆောင်ပြီး ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့တွေမှာပါ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၂နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားတွေအပြင် ဂုဏ်ပြုစာပေဟောပွဲတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။

ဟံသာဝတီဦးဝင်းတင်သာ သက်ရှိထင်ရှားရှိနေအုံးမယ်ဆိုရင် လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲမှာ တတပ်တအား ပါဝင်ကူညီနေဦးမှာဖြစ်ပြီး နိုင်ငံအပြောင်းအလဲအတွက်လည်း ဂုဏ်ယူနေမှာဖြစ်တယ်လို့ ဒီလှိုင်းစာစောင်မှာ ဟံသာဝတီ ဦးဝင်းတင်နဲ့ တွဲဖက်အလုပ်လုပ်ကိုင်ခဲ့တဲ့ စာရေး ဆရာ မုံရွာအောင်ရှင်က ပြောပါတယ်။

"ဆရာဦးဝင်းတင် ဒီကနေ့ကာလမှာရှိနေမယ်ဆိုရင်ကတော့ သူ သိပ်ပြီးတော့ အားရကျေနပ်မယ် ကျနော်ယုံကြည်တယ်ဗျ။ ပြုပြင်ပြောင်းလဲရေးကာလ ရဲ့ အစဆိုတော့ ပြည့်စုံမှုမရှိတာ ချို့ယွင်းချက် အားနည်းချက် ရှိတာကတော့ အတော်အသင့် ရှိနိုင်တယ်။ ဒါကို ဆရာက သဘောပေါက်ပါတယ်။ ဆရာဦးဝင်းတင်က ကျနော်တို့အပေါ်မှာ ၂ ခုပေါ့ဗျာ အကျိုးပြုတာ ၂ ခုရှိတယ်။ နံပါတ်တစ်ကတော့ သတင်းစာနဲ့ပါတ်သက်ပြီးတော့ သတင်းစာ ဘယ်လို သတင်းစာမျိုးဟာ ပြည်သူလူထုအတွက် ထိရောက်နိုင်တယ်။ ဘယ်လို သတင်းစာမျိုးဟာ ပြည်သူလူထုဘက်က လိုက်နိုင်မယ်ဆိုတာမျိုး ကျနော်တို့ကို သင်ပြခဲ့တယ်။ ဒုတိယသင်ပြ တာကတော့ နိုင်ငံရေးပေါ့ဗျာ။ နိုင်ငံရေး အရ အာဏာရှင်ကို ဘယ်လိုဆန့်ကျင်ရမယ်။ ဘယ်လို မကြောက်တရားတွေနဲ့ ဘယ်လိုသွားရမလဲဆိုတာကို ကျနော်တို့ကို သင်ပြနိုင်တယ်"

ဟံသာဝတီဦးဝင်းတင်နဲ့ ပတ်သက်လို့ ပြည်သူလူထုအပေါ် သတင်းစာဆရာကောင်း ပီသမှု အပြင် အာဏာရှင် ကို မကြောက်တရားနဲ့ ဆန့်ကျင်ခဲ့တာတွေကို အားကျအတုယူခဲ့ရတယ်လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး ဒီကနေ့ မနက် ၁၀နာရီမှာ ဟံသာဝတီ ဦးဝင်တင် ကွယ်လွန်ခြင်း ၂နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာပြုလုပ်ခဲ့ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ စာပေ အသိုင်းအဝိုင်းက သူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဟံသာဝတီ ဦးဝင်တင်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲရလဒ်အပေါ် အများကြီးမျှော်လင့်ခဲ့သလို သူမျှော်လင့်သလို ဖြစ်ခဲ့တဲ့အတွက် ကျေနပ်မယ်လို့ ယုံကြည်တယ် လို့ ဟံသာဝတီ ဦးဝင်းတင်မကွယ်လွန်ခင် ကျန်းမာရေးနဲ့ စောင့် ရှောက်ပေးခဲ့တဲ့ လက်ရှိ မင်္ဂလာတောင်ညွှန့်မြို့နယ် လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

"သူကျမ်းမာရေးမချို့တဲ့ခင်က သူပြောတယ်။ သူ ၂၀၁၅ ကိုတော့ ဖြတ်သန်း ချင်သေးတယ်။ သူ အတတ်နိုင်ဆုံး ဒီ အာဏာရှင်စနစ်ကနေ မြန်မာပြည် လွတ်မြောက်တဲ့အထိကို သူကြိုးစားချင်တယ်ဆိုပြီးပြောခဲ့တာရှိတယ်ပေါ့။ အခုလက်ရှိအနေအထားက ပြောမယ်ဆိုရင်တော့ ကျမတို့ စနစ်တခု အပြောင်းအလဲတခုဖြစ်သွားနိုင်ခဲ့ပြီပေါ့နော်။ အခုရဲ့လက်ရှိအခြေအနေကို ကျမထင်ပါတယ်။ သူကျေနပ်လိမ့်မယ်လို့ထင်တယ်။ အခုလက်ရှိအနေအထားမှာ ဆိုရင် အပြောင်းအလဲတခုဖြစ်သွားပြီ။ ကျမထင်တယ် အခုအချိန်ထိ သူသက်ရှိထင်ရှား ရှိနေခဲ့မယ်ဆိုလို့ရှိရင် သူ့အနေနဲ့ ကျမတို့ အပြောင်းအလဲ တိုင်းပြည်အတွက် အပြောင်းအလဲကာလမှာ သူ့ဆီက အကြံဉာဏ်တွေ အတွေးအခေါ်တွေ သူ့ရဲ့ ဒီတိုင်းပြည်အတွက်ဖြစ်ချင်တဲ့ ဆန္ဒတွေ အများကြီး ကျမတို့သိနိုင်မယ်။ သူ့ဆီကနေ ကျမတို့ အများကြီး သင်ယူနိုင်လိမ့်မယ်လို့ကျမယုံကြည်တယ်"

နိုင်ငံတကာမှာလိုပဲ တိုင်းပြည်အတွက် အနစ်နာခံပေးဆပ်ခဲ့သူတွေကို အထူးတလည် ဂုဏ်ပြုပေးဖို့လိုသလို သူတို့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ နောင်လာနောင်သားတွေသိအောင် လုပ်ပေးသင့်တယ်လို့ မဖြူဖြူ သင်းက ပြောပါတယ်။

ဟံသာဝတီဦးဝင်းတင်ဟာ မောင်ဝန်းဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ဝင်းတင်၊ ပုည၊ ဝင်းဆွေ စတဲ့ကလောင်ခွဲ အမျိုး မျိုးနဲ့ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး များစွာရေးသားခဲ့ပြီး အကျိုးဆောင် ဂျာနယ်မှာ လက်ထောက်အယ်ဒီတာအနေနဲ့ ပထမဆုံး လုပ်ကိုင်ခဲ့ပါတယ်။ ဂန္ထဝင် ဂျာနယ်၊ ဒို့ပြည် သတင်း၊ ကြေးမုံ သတင်းစာ၊ ပြည်သူ့ အိုးဝေ၊ ဟံသာဝတီ သတင်းစာ၊ ဒီလှိုင်းဂျာနယ်တို့မှာ အမှုဆောင်အယ်ဒီတာ၊ အယ်ဒီတာချုပ်အနေနဲ့ တာဝန်ယူခဲ့ သူတဦးလည်းဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်ကတည်းက အတွင်းရေးမှူး အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ပြီးအာ ဏာရှင် စနစ်ကို ခေတ်အဆက်ဆက်တွန်းလှန်၊ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဟံသာဝတီ ဦးဝင်းတင်ဟာ အသက် ၈၅နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။

XS
SM
MD
LG