သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Computer Programming နိုင်ငံတကာပြိုင်ပွဲ မြန်မာကျောင်းသား ၃ဦး ယှဉ်ပြိုင်မည်


ACM ၂၀၁၇ ပြိုင်ပွဲ
ACM ၂၀၁၇ ပြိုင်ပွဲ

ရန်ကုန် ကွန်ပျူတာတက္ကသိုလ်က ထူးချွန်တဲ့ ကျောင်းသား (၃)ဦးပါ အသင်းတသင်းဟာ တရုတ်နိုင်ငံ ပီကင်းမြို့မှာ လာမယ့် ဧပြီလထဲ ကျင်းပမယ့် ၄၂ ကြိမ်မြောက် Computer Programming ကမ္ဘာ့ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသွားပါတယ်။ တကမ္ဘာလုံးမှာ ရာနဲ့ချီတဲ့ တက္ကသိုလ်တွေက ကျောင်းသားပေါင်း သောင်းနဲ့ချီ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ACM International Collegiate Programming Contest ပြိုင်ပွဲကို ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ACM International Collegiate Programming Contest လို့ခေါ်တဲ့ Computer Programming ပြိုင်ပွဲဟာ ကမ္ဘာတစ်ဝှမ်း တိုက်ကြီး (၆)ခု ထဲက နိုင်ငံပေါင်း (၁၀၃)နိုင်ငံမှာရှိတဲ့ တက္ကသိုလ်ပေါင်း (၃)ထောင်နီးပါက ကွန်ပျူတာကျောင်းသား သောင်းနဲ့ချီပြီး နှစ်စဉ် ဝင်ရောက်ယှဉ်ပြိုင် ကြတဲ့ ပြိုင်ပွဲတခုဖြစ်ပါတယ်။

သက်ဆိုင်ရာ ဒေသကြီးအလိုက် ကျင်းပပြုလုပ်တဲ့ Multi-level Computer Programming ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပြီး ပထမအဆင့် နိုင်ငံတွင်းမှာ ယှဉ်ပြိုင်ရပါတယ်။ အဲဒီကမှတဆင့်အိမ်နီးနားချင်းနိုင်ငံတွေကြားမှာ ယှဉ်ပြိုင်ရပြီး၊ အဲဒီကမှတဆင့် ကမ္ဘာ့အဆင့် (World Finals) ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် ကြရတာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်က Radford University မှာ ကွန်ပျူတာသိပ္ပံ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေပြီး ဒေသဆိုင်ရာ ပြိုင်ပွဲတွေမှာ ကြီးကြပ်ရတဲ့ မြန်မာ ကွန်ပျူတာပညာရှင် ဒေါက်တာ မောင်မောင်ဌေးက VOA ကိုပြောပါတယ်။

" North Carolina၊ Virginia၊ West Virginia၊ Maryland၊ Washington D.C ၊ Pennsylvania၊ New Jersey ၊ Delaware ပါတယ်။ အဲဒီအထဲက အသင်းတွေ ၊ အသင်းဆိုတာက University တွေကို အကြောင်းကြားရတယ်။ အကြောင်းကြားပြီး Programming Contest ပေါ့လေ Programရေးပြိုင်ပွဲ ၅ နာရီ ကျင်းပရတယ်။ ၅ နာရီကျင်းပပြီး တရက်တည်းမှာ တပြိုင်တည်း တချိန်တည်းမှာ တခါတည်း synchronize လုပ်ပြီးတော့ ပြိုင်ပွဲ လုပ် ရတယ်။ ကျနော်ဒီ Division မှာဆိုရင် အသင်းပေါင်း ၁၈၀ လောက်ကနေ ပြိုင်ပွဲဝင်ကြရတယ်။ ဝင်ပြီးတဲ့အခါမှာ နိုင်တဲ့အသင်း ပထမရတဲ့အသင်းက World final ကျိန်းသေ သွားရတယ်။"

ဒီနှစ်မှာတော့ ၄၂ ကြိမ်မြောက် Computer Programming ကမ္ဘာ့ပြိုင်ပွဲ (42th World Finals of the ACM International Collegiate Programming Contest)ကို လာမယ့်ဧပြီလ (၁၅ ရက်နေ ၂၀ ရက်နေ့ထိ) တရုတ်နိုင်ငံ ပီကင်းမြို့ ပီကင်းတက္ကသိုလ် လူငယ်သိပ္ပံစင်တာမှာ ကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံက ကွန်ပျူတာထူးချွန်တဲ့ ကျောင်းသား (၃)ဦးပါ Legendary Geek အသင်းလဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရတယ်လို့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်က ပညာရှင် ဒေါက်တာ ခိုင်မိုးနွယ်က ပြောပါတယ်။

"ဒီ Website တွေမှာ တင်ထားတဲ့မေးခွန်းဟောင်းတွေကို သူတို့လည်း လေ့ကျင့်ခဲ့ရသလို ကျမတို့ ဆရာ၊ ဆရာမပိုင်းတွေအနေနဲ့ကလည်း သင်ကြားပေးခဲ့ရတယ်။ ဒါကတော့ Question တွေနဲ့ ပတ်သက်ပြီးတော့ပေါ့နော်။ နောက်တခါ System တွေအပိုင်းပေါ့နော် System တွေအပိုင်းမှာလည်း အဲဒီလိုပဲ သူတို့သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့ ပတ်သက်ပြီးတော့ ဒီ System ပိုင်းတွေအရပေါ့နော် ဒီ System တွေသုံးနိုင်ဖို့အတွက် Network တွေချိတ်ဆက်ပြီးတော့ ဒီပြိုင်ပွဲကို အောင်အောင်မြင်မြင်ကျင်းပနိုင်ဖို့အတွက် ကျမတို့လုပ်ခဲ့ရတဲ့ အဆင့်တွေအများကြီးပါပဲရှင့်။"

တရုတ်နိုင်ငံ ပီကင်းတက္ကသိုလ်မှာကျင်းပမယ့် ကမ္ဘာလုံးဆိုင်ရာ Computer Programming ပြိုင်ပွဲကို တစ်ကမ္ဘာလုံးက တက္ကသိုလ်ပေါင်း ၁၄၀ လောက်က အသင်းတွေ ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ အမေရိကန်က နာမည်ကြီး တက္ကသိုလ်တွေဖြစ်တဲ့ MIT, Harvard, Stanford, Carnelgle Mellon, UC Berkeley နဲ့ Columbia တက္ကသိုလ်တွေလဲ ပါဝင်ကြမှာဖြစ်ပါတယ်။

ဒီလို ကမ္ဘာ့အဆင့်ပြိုင်ပွဲတွေမှာတော့ ရုရှားက ကျောင်းသားတွေနဲ့ တရုတ်ကျောင်းသားတွေက ထိပ်ဆုံးကနေ အနိုင်ရလေ့ရှိတယ်လို့ ဒေါက်တာ မောင်မောင်ဌေးက VOA ကိုပြောပါတယ်။

" ကျနော်တို့ အဲဒီပြိုင်ပွဲမှာ ကျတဲ့အခါကျတော့ ၅ နာရီအတွင်းမှာ ပုဒ်စာအတော်များများ တချို့ဆို ၁၀ ပုဒ်မှာ ၉ ပုဒ်လောက်ဖြေနိုင်တယ်။ တချို့ဆို ၁၀ ပုဒ်စလုံးဖြေနိုင်တယ်။ World Final မှာက အင်မတန်မှ အံသြစရာကောင်းတယ် ၁၃ ပုဒ်လောက်မေးတာကို ၁၂ ပုဒ် ၊ တချို့ဆို ၁၃ ပုဒ်စလုံးဖြေနိုင်တဲ့နှစ်တွေများတယ်။ ၁၂ ပုဒ် လည်းရှိတယ် ၁၁ ပုဒ် လည်းရှိတယ်။ ပုဒ်စာ အခက်အခဲအပေါ် မူတည်ပြီးတော့ သူတို့ဖြေနိုင်သွားကြတယ်။ အင်မတန် တော်တဲ့ကျောင်းသား။ တကယ်ဆိုရင် အခု မနှစ်ကနေ တနှစ်တွေရော လွန်ခဲ့တဲ့ ၄-၅ နှစ်လောက်မှာ အတော်ဆုံးကျောင်းသားတွေပြောပါဆိုရင် Russian တွေ သိပ်တော်တာ၊ Russian ကျောင်းသားတွေ ထိပ်ဆုံးမှာ။ အမေရိကတော့ MIT, Harvard,Stanford တွေတောင်မမှီဘူးဖြစ်တယ်။ အမေရိကန် ကျောင်းကလူတွေဆိုရင် နံပတ် ၄-၅ တို့ ၆-၇ တို့မှာ ပြေးနေတယ်။ ၁၊၂၊၃၊၄ မှာဆိုရင် တရုတ်ကအဓိကထားပြီးတော့ Russia ကပြေးနေတယ်။ အရှေ့ဆုံးကတော့ Russia ပဲ ၊ Russia ကို ယှဉ်နိုင်တဲ့လူက ရှားတယ်။"

တရုတ်နိုင်ငံမှာကျင်းပမယ့် ကမ္ဘာ့အဆင့် ACM Computer Programming ပြိုင်ပွဲကိုဝင်ပြိုင်ဖို့အတွက် မြန်မာနိုင်ငံ ကွန်ပျူတက္ကသိုလ်တွေက ကျောင်းသားတွေ အဆင့်ဆင့် အရင်ဆုံးဝင်ပြိုင်ရပြီး ၊ အဲဒီကမှတဆင့် အာဆီယံနိုင်ငံတွေက ကျောင်းသားတွေနဲ့ ဆက်လက်ယှဉ်ပြိုင်ကာ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်က ကျောင်းသား(၃)ဦးပါတဲ့ Legendary Geek အသင်းဟာ ထိပ်ဆုံးက အနိုင်ရပြီး တရုတ်နိုင်ငံကို သွားရတာ ဖြစ်ပါတယ်။ Legendary Geek အသင်းထဲမှာတော့ ကွန်ပျူတာသိပ္ပံကျောင်းသားတွေဖြစ်တဲ့ မောင်ပြည့်စုံဝင်း၊ မောင်မြတ်သူနဲ့ မောင် နန္ဒသန့်စင် တို့ပါဝင်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG