တောင်ကယ်ရိုလိုင်းနားလွှတ်တော်မှာ နှစ်ပေါင်း ၅၀ ကျော် လွှင့်တင်ထားတဲ့ Confedrate အလံကို တောင်ကယ်ရိုလိုင်းနား ဂုဏ်ပြု ရဲတပ်ဖွဲ့ဝင်တဦးက အလံတိုင်ကနေ ချခဲ့ပါတယ်။ အမေရိကန် ပြည်တွင်းစစ်ကာလက သီးခြား ခွဲထွက်ချင်သူတွေ သုံးခဲ့ကြတဲ့ ဒီအလံကို တိုင်ကနေ လျော့ချခဲ့တဲ့ အခါမှာတော့ ဒီအခမ်းအနားကို တက်ရောက်လာသူတွေက USA ဆိုပြီးတော့ ဟစ်ကြွေးခဲ့ကြသလို အမေရိကန်အလံတွေကိုလည်း ဝှေ့ယမ်းခဲ့ကြပါတယ်။
လွန်ခဲ့တဲ့လအတွင်း Charleston မြို့က လူမည်းတွေရဲ့ သမိုင်းဝင် ဘုရားကျောင်း အတွင်း လူဖြူ သေနတ်သမားတဦးက ဝင်ရောက်ပစ်ခတ်တာကြောင့် အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား ၉ ဦးသေဆုံးပြီးနောက် ဒီအလံလွှင့်ထူမှုကို အခုလို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလွှတ်တော်အဆောက်အဦးက အလံဖယ်ရှားတဲ့ အခမ်းအနားကို တက်ရောက်သူတွေထဲမှာ အခုလို အလံဖယ်ရှားတာကို စိတ်ပျက်လက်ပျက် ဖြစ်နေကြသူတွေထက် ထောက်ခံသူအရေအတွက်က ပိုများပါတယ်။
အာဖရိကန် အမေရိကန်တဦးဖြစ်တဲ့ ပြည်နယ်အထက်လွှတ်တော် အမတ်တဦးက အခုလိုအလံဖယ်ရှားဖို့ သူနဲ့ တခြားပြည်သူ့အခွင့်အရေး လှုပ်ရှားသူတွေဟာ နှစ်ပေါင်း ၂၀ ကျော်ကြာ တောင်းဆိုခဲ့ကြရတယ်လို့ CNN သတင်းဌာနကို ပြောပါတယ်။