သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မြေက ဖယ်ရှားခံရသူ ၅၀၀ ကျော် နေရာထိုင်ခင်း DKBA ကမ်းလှမ်း


တပ်ပိုင်မြေပေါ်က ဖယ်ရှားခံရတဲ့ သမီးကလေးကျေးရွာသားများ လတ်တလော နေရာထိုင်ခင်းမြင်ကွင်း။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၁၄) ဓာတ်ပုံ-စည်သူ(VOA-မြန်မာ)
တပ်ပိုင်မြေပေါ်က ဖယ်ရှားခံရတဲ့ သမီးကလေးကျေးရွာသားများ လတ်တလော နေရာထိုင်ခင်းမြင်ကွင်း။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၁၄) ဓာတ်ပုံ-စည်သူ(VOA-မြန်မာ)
စစ်တပ်ပိုင်မြေနေရာမှာ ကျူးကျော်နေထိုင်တဲ့အကြောင်းပြချက်နဲ့ နေအိမ် ဖယ်ရှားခံခဲ့ရပြီး နီးစပ်ရာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ သမီးကလေး ကျေးရွာသားတွေကို ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော်လို့ခေါ်တဲ့ DKBA က နေထိုင်ရေးစီစဉ်ပေးတဲ့အနေနဲ့ DKBA ဌာနချုပ်ရှိရာ နယ်မြေကို ခေါ်ဆောင်သွားလိုတဲ့အကြောင်းပြောပါတယ်။ ရန်ကုန်းတိုင်းနဲ့ပဲခူးတိုင်းနယ်စပ် အလိုင်နီကျေးရွာက အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေတဲ့ လူဦးရေ (၅၀၀) လောက်ကို ခေါ်ဆောင်သွားဖို့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ညှိနှိုင်းမှုရယူတာတွေလည်း လုပ်ဆောင်မယ့်အကြောင်း DKBA မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောခဲ့တာပါ။ အပြည့်အစုံကိုတော့ သမီးကလေးကျေးရွာကို သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် ကိုစည်သူက တင်ပြပေးထားပါတယ်။

စစ်တပ်ပိုင်မြေနေရာအတွင်း ကျူးကျော်နေထိုင်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်ဖယ်ရှားဖျက်စီးခံခဲ့ရတဲ့ သမီးကလေးကျေးရွာက အိုးအိမ်မဲ့ လူဦးရေ (၅၀၀) ကျော်လောက်ကို ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်လို့ခေါ်တဲ့ ယခင် DKBA ဌာနချုပ်ရှိရာ ကရင်ပြည်နယ်ကို ခေါ်ဆောင်သွားမယ်လို့ DKBA ရဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောလိုက်တာပါ။

“ကူညီမယ်ဆိုတာက ဒီအရပ် ဒီဒေသက ကျနော်တို့နယ်မြေလည်း မဟုတ်ဘူးဗျ။ နံပါတ်တစ်က ကျနော်တို့ကရင်ပြည်နယ်မဟုတ်ဘူး။ နံပါတ်နှစ်က ကျနော်တို့စိုးမိုးတဲ့နယ်မြေလည်းမဟုတ်ဘူး။ ဒီမှာကူညီဖို့က ကျနော်တို့ ဘယ်လိုမှ ကူညီလို့မရဘူး၊ ဒီကလူတွေကယ်တင်ဖို့အတွက်ကျတော့ ကျနော့်မှာ ကယ်တင်နိုင်စွမ်းရှိတယ်။ ဆိုလိုချင်တာက ဒီကလူတွေ ဒီလို နေပူကျဲတဲမှာ ပလပ်စတစ်ပါးပါးလေးနဲ့ အောက်မှာ နေရမယ်ဆိုလို့ရှိရင် ကလေးတွေက ကြာလာရင် ဝမ်းလျှောရောဂါဖြစ်လာမယ်။ ရောဂါအမျိုးမျိုးဖြစ်လာမယ်။ လူတွေလည်း ကျန်းမာရေးထိခိုက်လာမယ်။ ဒါကြောင့် ကျနော်တို့အရပ်မှာ ပြောင်းရွှေ့ချင်တယ်ဆိုရင် နေရာချပေးမယ်။ လုပ်စားကိုင်စားဖို့ တောင်ယာတွေ ပြပေးမယ်၊ လောလောဆယ် ရောက်စအချိန်မှာ သူတို့ကိုကျွေးမွေးဖို့ ကျနော်တို့ကို လာပြောပြတယ်။”

နေအိမ်ဖယ်ရှားခံရသူတွေဟာ အခုချိန်အထိတော့ ပဲခူးတိုင်း အလိုင်နီကျေးရွာထဲက အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတာပါ။ အခုလိုလာရောက်ခေါ်ယူတဲ့အပေါ် အာဏာပိုင်တွေက ခွင့်မပြုခဲ့ရင်တော့ အာဏာပိုင်တွေအနေနဲ့ တာဝန်ယူမှု တစ်စုံတစ်ရာရှိဖို့ လိုအပ်တဲ့အကြောင်း ဆက်ပြောပါတယ်။

“အာဏာပိုင်ကတော့ ဘယ်လိုပြောမလဲ၊ သူတို့ ပေးမနေစေချင်တဲ့သူကို မောင်းထုတ်တာပဲ။ တဘက်ကတော့ သူတို့ ကျေးဇူးတင်ရမှာပေါ့။ သူတို့ မပေးခိုဘူးဆိုရင် သူတို့နေရာချထားပေးရမှာပေါ့။ မဟုတ်ဘူးလား၊ လူဒီလောက်များတာ လူပေါင်း ၁ ထောင်ကျော်၊ ဒီရန်ကုန်မြို့မှာ သူခိုးဖြစ်မယ်ဆိုရင် သူတို့နိုင်ငံအတွက် ကောင်းအုံးမလား။ မဟုတ်ဘူးလား။ ပြောရမယ်ဆိုရင် ကျနော်ခေါ်သွားတာ သူတို့ ခွင့်မပြုစရာအကြောင်းမရှိဘူး။ ဒီလူတွေ သူခိုး၊ ဂျပိုးမဖြစ်လာအောင် ကျနော်လာခေါ်တာပဲ။ ဘာမှ ကျနော် နိုင်ငံကိုထိခိုက်နစ်နာစေတာမဟုတ်ဘူး။ အထူးသဖြင့်က အနာဂတ်လူငယ်လေးတွေ အဆုံးရှုံးမခံနိုင်စေချင်ဘူးလေ။”

DKBA အဖွဲ့က လာရောက်ခေါ်ဆောင်ပေမယ့် ရွာသားတွေကတော့ သူတို့ ဖယ်ရှားခံခဲ့ရတဲ့နေရာအတွက် အစိုးရက မြေနေရာပြန်လည်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ရွာသားတစ်ဦးဖြစ်တဲ့ ကိုသန်းဦးက ပြောပါတယ်။

“နေရာထိုင်ခင်းလေး ပြန်ချပေးမယ်လို့ မျှော်လင့်ထားတာပါပဲ။ သူတို့ဘက်ကနေပြီး နောက်ဆုံးအကြိမ်လောက်လေးပေးဖို့မရှိဘူး၊ ဒီလိုပဲ မောင်းထုတ်မယ်ဆိုရင်တော့လည်း ကျနော်တို့မှာ စဉ်းစားရင် စဉ်းစားမှာပေါ့။ အခုနေကတော့ ဘယ်မှသွားဖို့ မစဉ်းစားထားပါဘူး။”

အခုလိုလာရောက်ခေါ်ဆောင်မှုအပေါ် ရွာသားတွေရဲ့ဆန္ဒကိုတော့ အလေးပေးသွားမှာဖြစ်တဲ့အကြောင်း DKBA ရဲ့စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်က ပြောပါတယ်။

“သူတို့အနေအထားကတော့ လိုက်ချင်တဲ့ဆန္ဒရှိတယ်။ ဒါပေမယ့် အထူးသဖြင့်ကတော့ မျှော်လင့်ချက်တစ်ခု ထားတာရှိတယ်။ နိုင်ငံတော်က သူတို့ကို မြေလေးပေးမလားဆိုတဲ့ မျှော်လင့်ချက်တွေ သူတို့မှာ ကြီးကြီးမားမားရှိတယ်ဗျ။ အခုအနေအထားက အဲဒီမျှော်လင့်ချက်နဲ့ ဒီနေရာမှာ ဆက်ပြီး အသက်ရှင်နေတယ်။ ဆက်ပြီးထမင်းစားနေတဲ့ အနေအထားမှာပဲရှိတယ်။ ဒီနေ့ဒီအချိန်အထိ သူတို့ ပေးမယ်၊ မပေးမယ် အတိအကျမပြောသေးဘူး။ သူတို့ ဒီကနေပြီးထပ်ပြီး တောင်းနေမယ်။ သူတို့အနေအထားက လုံးဝတောင်းလို့မရဘူးဆိုရင်တော့ သွားချင်တဲ့အနေအထားလည်း ကျနော်တို့တွေ့ရတယ်။”

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ထဲမှာရှိတဲ့ သမီးကလေးကျေးရွာက အိမ်ခြေ (၄၀၀) လောက်ကို ဖေဖော်ဝါရီလ(၄) ရက်နေ့က ဖျက်ဆီးဖယ်ရှားခဲ့တာပါ။ နေအိမ်ဖယ်ရှားခဲ့ခဲ့ရတဲ့ မိသားစုတွေထဲက တစ်ချို့တစ်ဝက်ကတော့ အနီးနားမှာရှိတဲ့ ပဲခူးတိုင်းတွင်းက အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ ခိုလှုံခဲ့ကြပေမယ့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ထပ်မံဖယ်ရှားပေးဖို့ သတိပေးနေတာလည်းဖြစ်ပါတယ်။

အစိုးရသစ်တက်လာပြီးနောက် မြေယာစီမံခန့်ခွဲမှုတွေကို ဒေသအစိုးရတွေကို လုပ်ကိုင်စေခဲ့တဲ့နောက် အခုလို အိုးမဲ့အိမ်မဲ့ ပြဿနာတွေ တိုးပွားလာတာလည်း ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှု လျှော့ချရေးလုပ်ငန်းတွေ လုပ်ကိုင်နေပေမယ့် ၂၀၁၄ ခုနှစ်နှစ်ဆန်းပိုင်းကစပြီး ကျူးကျော် နေထိုင်သူတွေရဲ့ အိမ်ခြေ (၅၀၀၀) ကျော်လောက်ကို မည်သည့်တာဝန်ယူမှုမှ မရှိဘဲ ဖယ်ရှားဖျက်ဆီးခဲ့တဲ့အပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာနေတာလည်း ဖြစ်ပါတယ်ခင်ဗျာ။
XS
SM
MD
LG