သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်တိုက်ပွဲ အရပ်သားတွေ ထိခိုက်သေဆုံး


လိုင်ဇာမှာရှိတဲ့ ဒုက္ခသည်စခန်းမှ ကချင်ဒုက္ခသည်ကလေးငယ်များ
လိုင်ဇာမှာရှိတဲ့ ဒုက္ခသည်စခန်းမှ ကချင်ဒုက္ခသည်ကလေးငယ်များ
ကချင်ပြည်နယ် ဖားကန့်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့အစိုးရတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူနေရပ်ကွက်တွေအတွင်းကို လက်နက်ကြီးကျည်တွေကျရောက် ပေါက်ကွဲခဲ့တာကြောင့် လူ၁၃ယောက် ထိခိုက်ဒဏ်ရာရခဲ့ရာမှာ ၁ယောက်သေဆုံး ခဲ့ပါတယ်။ သေဆုံးသွားသူဟာ အသက်၁၃နှစ်အရွယ် ၉တန်း ကျောင်းသူဖြစ်ပြီး ကျောင်းက ပြန်လာချိန်မှာ လက်နက်ကြီးကျည်ထိမှန်ခဲ့တဲ့နောက် ဆေးရုံမှာကုသစဉ် သေဆုံး ခဲ့ရတာပါ။

ဖားကန့်မြို့တွင်းက နောက်ဆုံးအခြေအနေတွေကို ထိုင်းအခြေစိုက် သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တပတ်နီးပါးလောက် တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ရာက ကြာသာပတေးနေ့ညနေပိုင်းမှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့အစိုးရတပ် အကြားမှာ တိုက်ပွဲပြင်းပြင်းထန်ထန် ပြန်ဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲဟာ ညနေ ၃နာရီခွဲလောက်ကနေ ည ၉နာရီလောက်အထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဓိကတိုက်ပွဲဖြစ်ပွားတဲ့နေရာကတော့ ဖားကန့်မြို့အထွက် မော်ဝမ်းကြီးရပ်ကွက်၊ ဆွတ်ငိုင်ယန်ရွာ ဖက်မှာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ချိန်ဟာ ကျောင်းဆင်းချိန်ဖြစ်တာကြောင့် ကျောင်းသူ ကျောင်းသားတွေပါ ထိခိုက်ခဲ့တယ်လို့ ဒေသခံတယောက်က အခုလို ပြောပါတယ်။

"တိုက်ပွဲမှာ အဓိကကတော့ အားလုံးထိတာကတော့ အားလုံး ၁၃ယောက်လောက် ဒဏ်ရာရကြတယ်။ ၈ယောက်က ဒုက္ခသည်ဒဏ်ရာပြင်းထန်ပြီးတော့ ဆေးရုံမှာ အတွင်းလူနာအဖြစ်ကုသနေရတယ်။

အဲဒီထဲကနေပြီးတော့ ညကပဲ မဂျာဆိုင်းအိမ်ဆိုတဲ့ ကျောင်းသူလေး။ အဘ ဦးဘရန်ရှောင်။ အသက် ၁၃နှစ် ၊ ၉တန်းကျောင်းသူ။ သူက ကျောင်းကဆရာမနဲ့ပြန်လာတဲ့အချိန်မှာ လမ်းမှာ လက်နက်ကြီးစ ထိမှန်ပြီးတော့ ဆေးရုံမှာသေဆုံးသွားတယ်။"

အခြားဆေးရုံတက်နေသူ ၇ယောက်ကတော့ အရပ်သူအရပ်သားတွေဖြစ်ပြီး အချို့တွေဟာ ကလေးကျောင်းကြိုသွားရင်း လက်နက်ကြီးကျည်စထိမှန်တာဖြစ်ပါတယ်။ ဒီလိုထိမှန်တဲ့အထဲမှာ အသက်၈နှစ်အရွယ် ၂တန်း ကျောင်းသူ မဂျာလူးအောင်နဲ့ သူ့ကို လာကြိုတဲ့ ဖခင်ဖြစ်သူ ဦးခွန်ဆိုင်လည်း ပါဝင်တယ်လို့ ဖားကန့် ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်အချို့ဟာ ဒုက္ခသည်တွေ ခိုလှုံနေထိုင်ရာ မော်ဝမ်းဘုရားရှိခိုးကျောင်း အနီးမှာလည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်းနဲ့ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ဘယ်ဘက်က ပစ်တယ်ဆိုတာတော့ သေချာမသိရကြောင်း အခြားဖားကန့်ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့တိုက်ပွဲဖြစ်တာတွေ ငြိမ်သက်နေပေမဲ့ ဖားကန့်မြို့သူ မြို့သားတွေနဲ့ ဖားကန့်ကို လာရောက်တိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေဟာ အထိတ်တလန့်နဲ့ ရှိနေကြတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ဦးဟန်မြင့်ကပြောပါတယ်။

"ဖားကန့်မြို့ရဲ့ လက်ရှိအခြေအနေက ကျီးလန့်စာစားအခြေအနေရောက်နေတယ်။ မနေ့က ၃နာရီခွဲ ၄နာရီလောက်မှာလည်း တိုက်ပွဲက ဖားကန့်မြို့နဲ့ အနီးကပ် ဖြစ်တော့ တအား စိုးရိမ် ထိတ်လန့် သွားတာပေ့ါ။ ကလေးတွေကလည်း ကျောင်းဆင်းချိန်ဖြစ်နေတယ်လေ။

ရပ်မိရပ်ဖတယောက်အနေနဲ့ရော၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ခံတယောက်အနေနဲ့ရော၊ နောက် ဒီဒုက္ခသည်တွေကို လိုက်လံပြီး ကူညီပေးနေရတဲ့ သူတယောက်နဲ့ အနေက ပြောရရင်တော့ ဒီဟာမျိုးကျနော် လုံး၀ မဖြစ်စေချင်ပါဘူး။ ကျနော်တို့ မြို့နဲ့ အနီးတဝိုက် ကတော့ ပြည်သူလူထုတွေ အတွက် တအားကို စိုးရိမ်ရတဲ့အနေအထားရောက်တော့ ဒီဟာကိုတော့ လုံး၀ မဖြစ်စေ ချင်ပါဘူး။

ပြီးခဲ့တဲ့ လကုန်ပိုင်းကတော့ ဖားကန့်မြို့အနီးအနားက ကျေးရွာတွေကို လုံခြုံရေးစိတ်မချရတာကြောင့် ဖားကန့်မြို့ပေါ်မှာ တိမ်းရှောင်နေဖို့အတွက် ဒေသခံ အာဏာပိုင် တွေက အမိန့်ပေး စေခိုင်းထားခဲ့ တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဖားကန့်မြို့ပေါ်က ဘာသာရေး လူမှုရေးအသင်းအဖွဲ့ တာဝန်ရှိသူတွေနဲ့ မြို့မိမြို့ဖတွေက သူတို့ဒေသတွင်းမှာ စစ်ပွဲတွေမဖြစ်စေဖို့အတွက် ပြည်နယ်အစိုးရနဲ့ KIA ကို အသနား ခံစာပေးပို့ထားတာဖြစ်ပါတယ်။

လောလောဆည်မှာတော့ ဖားကန့်မြို့ပေါ်မှာ စစ်ပြေးဒုက္ခသည်၁သောင်းခွဲလောက်ရှိနေပြီး ဥရုချောင်းရေကြီးတာ ကြောင့် ဒုက္ခသည်တွေဟာ ရေလွှမ်းမိုးတဲ့ ဒဏ်ကိုပါ ခံနေကြရတာဖြစ်ပါတယ်။

ဒီကနေ့မနက်ပိုင်းမှာတော့ လူမှုရေးအကူအညီတွေပေးနေတဲ့ ဖားကန့်မြို့ပေါ်က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ မြစ်ကြီးနားဖက်ကို စတင် ထွက်ခွာနေပြီလို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။
KIAနဲ့ မြန်မာအစိုးရတပ်တွေအကြား တနှစ်ကျော်ကြာဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးနေတာဟာလည်း အခုချိန်ထိတော့ အောင်မြင်မှုမရသေးပါဘူး။

KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးနေတာဟာလည်း အခုချိန်ထိတော့ အောင်မြင်မှုမရသေးပါဘူး။ ဒုက္ခသည်စုစုပေါင်း တသိန်းနီးပါးဟာ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေကြရပါတယ်။

ဒုက္ခသည် ၆သောင်းကျော်ကတော့ တရုတ်မြန်မာ နယ်စပ်ဒေသက KIA ထိန်းချုပ်ရာဒေသမှာရောက်ရှိနေတာဖြစ်ပါတယ်။ KIA နဲ့ မြန်မာအစိုးရတပ်တွေအကြား အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးနေတာဟာလည်း အခုချိန်ထိတော့ အောင်မြင်မှုမရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG