သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲသဝေါတိုက်ပွဲကြောင့် ဒေသခံတွေ စစ်ပြေးဖြစ်ရ


စစ်ပြေးဒုက္ခသည်များ
စစ်ပြေးဒုက္ခသည်များ

ကရင်ပြည်နယ်၊ မဲသဝေါဒေသအတွင်းမှာ ဒုဗိုလ်မှူးကြီးစောဆန်းအောင်ဦးစီး DKBA အဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ် နဲ့အစိုးရတပ်မတော်ပူးပေါင်းတပ်တို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွါးနေသလို ထောင်နဲ့ချီတဲ့ဒေသခံကျေးရွာသားတွေလဲ မြိုင်ကြီးငူဒေသဘက်ကို စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တိမ်းရှောင်နေရပါတယ်။ ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲနေရာအနှံ့ မကူးစက် အောင် တိုက်ပွဲရပ်တန့်ပေးဖို့ကိုလဲ KNUခေါ်ကရင်အမျိုးသားအစည်းရုံးကလဲကြေညာချက်ထုတ်ပြန် တောင်းဆိုထား ပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေဆက်သွယ်မေးမြန်းပြီးသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မဲသဝေါဒေသအတွင်းအခြေပြုနေတဲ့ DKBAခွဲထွက်အဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ် နဲ့အစိုးရတပ်မတော်ပူးပေါင်းတပ်တို့အကြား ဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့် ဒေသခံရွာသား(၂၀၀၀)ကျော်ဟာမြိုင်ကြီးငူ ဒေသကို စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ဒီစစ်ဘေးဒုက္ခသည်တွေကို မြိုင်ကြီးငူဆရာတော်အစီအစဉ်နဲ့ခေါ်ဆောင်လာတာဖြစ်ပြီး လက်ရှိမှာကြုံတွေ့နေရတဲ့ အခက်ခဲအခြေအနေနဲ့ပက်သက်လို့ မြိုင်ကြီးငူဒေသခံ စေတနာဝန်ထမ်းတဦးဖြစ်သူ စောကျော်လေးက အခုလို ပြောပါတယ်။

“အခြေအနေကတော့ ဟိုမှာ စားဝတ်နေရေးတွေ သိပ်ပြီးလိုအပ်တာပေါ့နော်။ ဒုက္ခသည်တွေဖြစ်ကြတော့ ကိုယ်အဝတ်အထည်တွေလည်း ပြည့်ပြည့်စုံစုံပြန်မပါလာတော့ ၊ တချို့လူတွေကတော့ လမ်းမှာပဲ အိမ်တောင်မပြန်ရဘူး၊ လာမယ့်အချိန်အခါတိုက်ပွဲ ဖြစ်တော့မယ်ဆိုတော့ သူတို့ကနေ ကမန်းကတန်း သွားကြိုပေးနေရတယ် အခုက ဒုက္ခရောက်နေတယ်။”

မဲ့သဝေါဒေသအတွင်း ဖြစ်ပွါးနေတဲ့တိုက်ပွဲတွေကြောင့် ထီးယာထ၊ ထီးကနယ်၊ ထီးနောထ၊ ထီးထော့ကျိုး၊ ကလောက် ဂွမ်း၊ ကလောက်ဒေး၊ ယာဘောယာ၊ မယ့်သဝေါ စတဲ့ကျေးရွာသားတွေ စစ်ဘေး တိမ်းရှောင်နေကြရတာပါ။

ဒီလ(၂)ရက်နေ့ကစပြီး BGF နှင့် DKBA တို့ဟာ မဲသဝေါ၊ ရှမ်းရွာသစ်၊ မဲ့ပေါ်ပလော ၊ မဲ့ဆိပ် ၊ မယ်လာယော့ ဒေသနဲ့ ရင်းပိုင်းချောင်း အနီးဒေသတွေမှာတိုက်ပွဲစတင်ဖြစ်ပွါးခဲ့ပြီး အခုဆိုရင် နယ်ခြားစောင့်တပ်ရင်းBGFနဲ့ မြန်မာ့တပ်မတော် ပူးပေါင်းတပ်ဖွဲ့တွေကနေ DKBAဌာနချုပ်စခမ်းတွေကို အပြင်းအထန်ထိုးစစ်ဆင်နေပါတယ်။

လက်ရှိမဲသဝေါဒေသအတွင်းဖြစ်ပွါးနေတဲ့တိုက်ပွဲအခြေအနေကိုတော့ စစ်ဘေးရှောင်တွေရဲ့ပြောပြချက်ကိုကိုးကားပြီး စောကျော်လေးက အခုလို ပြောပါတယ်။

“အခုတိုက်ပွဲကတော့ သူတို့က လက်နက်ကြီးနဲ့ပဲ အရင်အတိုင်းထုလာသေးတယ်။ ၁၁ ရက်နေ့ညက တချက် တိုးသေးတယ်၊ တိုးလို့မပေါက်လို့ ပြန်ပြီးရပ်တန့်နေတယ်။ ရပ်တန့်တဲ့အခါကျတော့ သူတို့ကလက်နက်ကြီးနဲ့ပဲ လှန်းထုနေတာပေါ့နော် ၉ လပိုင်း ၁၂ ရက်နေ့ကတော့။”

ကရင်နယ်ခြားစောင့်တပ်ရင်း ၁၀၁၇ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးကျော်နော် ကတော့ တိုက်ပွဲဖြစ်ပွါးရာဒေသမှာ ဆက် သွယ်ရေးအခက်ခဲကြောင့် အခြေအနေမှန်ကို မသိရှိရသေးဘူးလို့ပြောပါတယ်။

“၁၁ ရက်နေ့ကတော့ နည်းနည်းလေးတော့ သူတို့ နည်းနည်းထိတာများတာပေါ့ အဲဒီလောက်ပဲ ကြားတယ်။ ကျနော်တို့လည်း ဂဃနဏတော့ မသိရသေးဘူး။ အတိအကျပြောလို့မရဘူးဖြစ်နေတာပေါ့။ ဖုန်းဆက်လို့မရဘူး။”

ဒီကနေ့အထိဖြစ်ပွါးတဲ့တိုက်ပွဲမှာ ဒီကေဘီအေအဖွဲ့အခြေပြုရာ မဲသဝေါဒေသက ဘန်ဘွေ့ကုန်း နဲ့ မီးသွေးကုန်းကို ကရင်နယ်ခြားစောင့်တပ်ဘက်ကထိန်းချုပ်ထားနိုင်ပြီး ဝါးဘိုးတောင်မှာဆက်လက်တိုက်ပွဲဖြစ်ပွါးနေဆဲလို့ BGFဘက် က လူမှုရေးကွန်ယက်မှာ ဖေါ်ပြထားပေမဲ့ သီးခြားအတည်ပြုချက်တော့မရသေးပါဘူး။

အခုလိုဖြစ်တဲ့တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေတယ်လို့ ဗိုလ်မှူးကျော်နော် ကပြောပါတယ်။

ကရင်ပြည်နယ် မဲသဝေါဒေသအတွင်းဖြစ်ပွါးနေတဲ့တိုက်ပွဲနဲ့ပက်သက်လို့ KNUခေါ်ကရင်အမျိုးသားအစည်းရုံးကလဲ တိုက်ပွဲရပ်တန့်ပေးဖို့ဒီကနေ့ မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲအရှိန်မြင့်မားလာမယ်ဆိုရင် နေရာအနှံ့ကူးစက်သွားမယ့် အခြေအနေမရောက်အောင် KNUအနေနဲ့ အခုလိုထုတ်ပြန်ရတယ်လို့ တွဲဘက်အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲကပြောပါတယ်။

“တပ်မတော် အစိုးရနဲ့ BGF နဲ့ ပူးပေါင်းပြီးတော့ ကရင်ပြည်နယ်ဘက်ကို ကျနော်တို့ ထိန်းချုပ်နယ်မြေထဲကို ဝင်လာတယ်။ ဝင်လာတော့ DKBAတို့နဲ့ပေါ့လေ သူတို့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်တဲ့အဆင့်အထိရောက်သွားတယ်။ ဆိုတော့ ကျနော်တို့ KNU အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အချိန်ကာလမှာ ဒီလိုမျိုးလက်နက်ကိုင် ပဋိပက္ခဖြစ်တာကို အလွန်ကိုမှ စိုးရိမ်မိတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ အဲဒီလိုမျိုး နားလည်မှု ယုံကြည်မှု လွဲမှားမှုတွေ ဖြစ်ပေါ်လို့ရှိရင် မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်ပေါ်လာမှာစိုးလို့ နောက်တခုကလည်း တိုက်ပွဲအရှိန်က မြင့်လာမယ်ဆိုရင် တနေရာကနေ တနေရာ ကူးစက်နိုင်တဲ့အတွက်ကြောင့် ကျနော်တို့ အလွန်စိုးရိမ်တဲ့အတွက်ကြောင့် ဒါကို ထုတ်ပြန်ကြေညာချက် ထုတ်ပေးရတာဖြစ်တယ်။”

DKBAနဲ့BGFတို့အကြားဖြစ်ပွါးတဲ့တိုက်ပွဲဟာ အပြင်ပယောဂကြောင့်ဖြစ်ပွါးခဲ့တယ်လို့ အစိုးရနဲ့NCAလက်မှတ်ရေးထိုး ထားတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBAရဲ့ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှူးစောမောင်လေးက သုံးသပ် ပါတယ်။

“ကျနော်နားလည်သဘောပေါက်တာကတော့ ဒါဘေး ပယောဂတွေ အများကြီး ပတ်သက်မယ်လို့တော့ထင်တယ်။ ကျနော့်ဆန္ဒကတော့ တိုက်ပွဲကတော့ မဖြစ်စေချင်ဘူးပေါ့ဗျာ။”

အခုလိုတိုက်ပွဲမဖြစ်ပွားခင် သြဂုတ်လကုန်ပိုင်းမှာ DKBA ဘက်က ၎င်းတို့အခြေပြုနေတဲ့ ကော့ကရိတ်မြို့နယ်ကောင်းမူး ကျေးရွာဘက်မှာ တပ်မတော်နှင့် BGF တို့က ထိုးစစ်ဆင်မှုတွေပြုလုပ်နေတာကြောင့် စက်တင်ဘာလ ၁ ရက်မှာ တပ် အားလုံး ရုပ်သိမ်းပေးဖို့ မရုပ်သိမ်းပါက DKBA အနေနဲ့၎င်းတို့ ထိန်းချုပ်ဒေသ၊ လှုပ်ရှားဒေသ အားလုံးမှာ တပြိုင်တည်း စစ်မျက်နှာများ ဖွင့်တိုက်ခိုက်သွားမယ်လို့ကြေညာချက် တစောင် ထုတ်ပြန် ထားပါတယ်။

ဒီလိုကြေညာချက် ထုတ်ပြန်ပြီး ၂ရက် အကြာမှာ BGF နဲ့ DKBA တို့ကြား မြိုင်ကြီးငူရှိ မဲသဝေါဒေသမှာတိုက်ပွဲ စတင် ဖြစ်ပွားလာတာလဲဖြစ်သလို တိုက်ပွဲကြောင့်ဒေသခံရွာသား(၂၀၀၀)ကျော်ဟာလဲ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ဒုဗိုလ်မှူးကြီးစောဆန်းအောင်ဦးစီးတဲ့ DKBAအဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ရေးထိုးထားတဲ့ ဒီမို ကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA မှ နှုတ်ထွက်ထားတဲ့ခေါင်းဆောင်းဟောင်းတွေ ဦးစီးပြီး အသစ်ဖွဲ့စည်းထား တဲ့အဖွဲ့ဖြစ်သလို ကရင်ပြည်နယ်အတွင်းကရင်နယ်ခြားစောင့်တပ် အဖွဲ့ နဲ့မြန်မာ့တပ်မတော်တို့အကြားမှာ တိုက်ပွဲတွေ အမြဲတမ်းလိုလိုဖြစ်ပွါးနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG