မြန်မာ အပါအဝင် ကမ္ဘာတဝန်း ဆိုးဆိုးရွားရွား ပဋိပက္ခတွေနဲ့ ကြုံနေရတဲ့ ဒေသတွေမှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ အေဂျင်စီတွေက ဌာနေဝန်ထမ်းတွေနဲ့ စေတနာဝန်ထမ်းတွေဟာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ အရေအတွက်နဲ့ သေဆုံးသူတွေ အများအပြား ရှိလာနေတယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ Red Cross အကြီးအကဲက ပြောဆိုလိုက်ပါတယ်။
လူသားချင်း စာနာ ကူညီရေး လုပ်ငန်းတွေ ဆောင်ရွက်ရင်း သတ်ဖြတ်ခံရသူတွေရဲ့ ၉၅ % ဟာ ဒေသဆိုင်ရာ ဌာနဝန်ထမ်းတွေနဲ့ ဌာနေ စေတနာ့ ဝန်ထမ်းတွေ ဖြစ်ကြတယ်လို့ Red Cross အကြီးအကဲ Jagan Chapagain က တနင်္လာနေ့က AFP သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းချိန်မှာ ပြောဆိုသွားပါတယ်။ နိုင်ငံတကာ ကူညီပေးရေး အဖွဲ့ကြီးတွေက နိုင်ငံတကာ ဝန်ထမ်းတွေ သတ်ဖြတ်ခံရတဲ့ အခါမျိုးမှာ ကမ္ဘာတဝန်း မကျေမနပ်သံတွေ ကျယ်ကျယ်လောင်လောင် ကြားရပေမဲ့ ဒေသဆိုင်ရာ ဝန်ထမ်းတွေ သတ်ဖြတ်ခံရတဲ့ အခါမျိုးမှာတော့ အလေးပေး အာရုံစိုက်ပြောဆိုတာ မရှိကြဘူးလို့လည်း သူက ပြောပါတယ်။
ဒီနှစ် ၂၀၂၄ ခုနှစ်အတွင်း အရှေ့အလယ်ပိုင်းဒေသ၊ ယူကရိန်း၊ မြန်မာနဲ့ တခြား ပဋိပက္ခကြုံနေရတဲ့ နိုင်ငံတွေမှာ ကူညီကယ်ဆယ်ရေး ဝန်ထမ်းတွေ သေဆုံးတဲ့ အရေအတွက် သိသိသာသာ များပြားတာကို စိုးရိမ်စရာ တွေ့ရပြီး ဒီလိုလူတွေ သေဆုံးမှု အဆိုးရွားဆုံး နှစ်တနှစ်ပါပဲလို့လည်း ပြောပါတယ်။ ဒီနှစ် တနှစ်တည်းမှာတင် ကမ္ဘာတဝန်း Red Cross ဝန်ထမ်း ၃၀ သေဆုံးခဲ့ရပြီး တခြား ကုလသမဂ္ဂ အဖွဲ့တွေက ဝန်ထမ်းတွေပါ ပေါင်းလိုက်ရင်တော့ သေဆုံးသူတွေ ရာနဲ့ချီ ရှိတဲ့အကြောင်းလည်း Red Cross ပြောခွင့်ရက ပြောပါတယ်။
ပဋိပက္ခ ဒေသတွေမှာ အကူအညီပေးရေး လုပ်သားတွေကို တမင် ပစ်မှတ်ထား တိုက်ခိုက်လာတဲ့အထိ စိတ်မကောင်းစရာ အခြေအနေတွေ တွေ့လာနေရတာကြောင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေတွေနဲ့ စာနာ ကူညီရေးလုပ်ငန်းတွေကို ကာကွယ်ပေးဖို့ လိုအပ်တဲ့ အခြေခံမူတွေကို အားလုံးက လေးစား လိုက်နာကြဖို့လည်း သူက တိုက်တွန်း တောင်းဆိုပါတယ်။
Forum