သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်သင်တန်းကျောင်း ပစ်ခတ်မှု ဆွေးနွေးဖို့ KIO ကို အစိုးရကမ်းလှမ်း


နှစ်သိမ့်ခွန်အားယူ ဆုတောင်းပွဲ (သတင်းဓာတ်ပုံ Credit to Humanity Institute FB)
နှစ်သိမ့်ခွန်အားယူ ဆုတောင်းပွဲ (သတင်းဓာတ်ပုံ Credit to Humanity Institute FB)

သင်တန်းသား ၂၃ ယောက် ကျဆုံးခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုနောက်ပိုင်းမှာ နှစ်ဖက် တွေ့ဆုံဆွေးနွေးဖို့ အစိုးရဖက်က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ကမ်းလှမ်းထားပြီး KIO ကတော့ အကြောင်းပြန်ကြားတာမရှိသေးပါဘူး။ KIO လုပ်ငန်းညှိနှိုင်းအဖွဲ့က ပြောရေးဆိုခွင့်ရှိသူကတော့ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းအဖွဲ့ အစည်းအဝေးနောက်ပိုင်း တွေ့ဆုံဖွယ်ရှိတယ်လို့ ပြောပါတယ်။ လောလောဆယ်မှာတော့ ကချင်ပြည်နယ် အတွင်း နှစ်ဖက်တပ်တွေအကြားပစ်ခတ်တာတွေ ရှိနေဆဲ နောက်ဆုံးအခြေအနေကို ဗီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၁၉ ရက်နေ့က KIO ဌာနချုပ ်လိုင်ဇာအနီး ခရာဘွမ်တောင်ကျောမှာ တပ်စွဲထားတဲ့ အစိုးရတပ်ကပစ်တဲ့ လက်နက်ကြီးကျည်ဟာKIO ဗိုလ် သင်တန်းကျောင်းမှာ ပေါက်ကွဲခွဲတာကြောင့် သင်တန်းသား ၂၃ ဦးကျဆုံးပြီး KIO နဲ့ အစိုးရတပ်အကြားမှာ တင်းမာမှုတွေဖြစ်ခဲ့ပါတယ်။ အခု ရက်ပိုင်းမှာတော့ အစိုးရရဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့က ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးဖို့ KIO ကို ကမ်းလှမ်းထားတယ်လို့ ကချင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

“အစိုးရဘက်က ပဋိပက္ခညှိနှိုင်းရေးအဖွဲ့အနေနဲ့ ဖြစ်ပျက်ခဲ့တဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့မှ သူတို့အနေနဲ့ ဒါကို တွေ့ဆုံရအောင်ဆိုတဲ့သဘောမျိုး ပဋိပက္ခညှိနှိုင်းရေးအဖွဲ့က KIO အဖွဲ့ကို ကမ်းလှမ်းထားတာတော့ ရှိတယ်။ ဒါပေမယ့် KIO ဘက်ကလည်း ဘာမှလည်း တုံ့ပြန်လာတာမရှိသေးဘူးဗျ။”

နှစ်ဖက်တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ စစ်ရေးတင်းမာတာတွေကို လျော့ချဖို့အတွက် KIO နဲ့ အစိုးရ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ကို နှစ်ဖက် သဘောတူဖွဲ့စည်းခဲ့တဲ့နောက် မေလက စတင်ပြီး လစဉ် ပုံမှန် တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။ အရေးပေါ် ကိစ္စရပ်တွေပေါ်လာရင် ပုံမှန်တွေ့ဆုံတဲ့ ရက်မတိုင်မှီမှာ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ကိုလည်း သဘောတူထားတာဖြစ်ပါတယ်။

KIO ရဲ့ လုပ်ငန်းညှိနှိုင်းအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကတော့ KIO ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ဆွေးနွေးပွဲနောက်ပိုင်းမှသာ တွေ့ဆုံနိုင်ဖွယ်ရှိတယ်လို့ ပြောပါတယ်။

“တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပွဲ ချင်းမိုင်မှာလုပ်ဖို့ရှိတယ်။ အဲဒါပြီးမှပဲ ကျနော်တို့ ပြန်ညှိနှိုင်းမှာပါ။”

မြန်မာနိုင်ငံက အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၉ ရက်နေ့ ပစ်ခတ်တိုက်ခိုက်တာနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကိုရှေ့ရှုပြီး တဖက်နဲ့တဖက် အပြစ်တင်တာတွေကို ရပ်ဆိုင်းဖို့၊ အဖြစ်မှန်ဖော်ထုတ်ပြီး ထိခိုက်နစ်နာသူတွေကို ကျေနပ်အောင် ဆောင်ရွက်ပေးဖို့တောင်းဆိုကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

KIO ဖက်ကတော့ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး အဖြစ်မှန်ဖော်ထုတ်ရေးအတွက် လိုအပ်ရင် လူမှုအဖွဲ့အစည်းတွေသာမက ကုလသမဂ္ဂနဲ့တရုတ်နိုင်ငံကပါ ပါဝင် ကူညီဆောင်ရွက်ရေးအတွက် ကမ်းလှမ်းဖို့ စဉ်းစားနေပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်တာနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ပြားသွားမလားဆိုတဲ့ သုံးသပ်တာတွေ ထွက်ပေါ်နေပေမဲ့ KIO ကတော့ နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးပြီး အဖြေရှာဖို့ ရှိနေတယ်လို့ ဦးဒေါင်ခါးက ပြောပါတယ်။

“KIO ရဲ့သဘောထားက နိုင်ငံရေးအရ အဖြေရှာမယ်ဆိုတဲ့ဟာကို ရှေ့ဆက်သွားမယ်။ ဆွေးနွေးပွဲမလုပ်ဘဲနဲ့တော့ …. မဖြစ်နိုင်ဘူးလေ။”

၁၉ ရက်နေ့ ပစ်ခတ်မှုနောက်ပိုင်းမှာ လိုင်ဇာဌာနချုပ်အနီးနဲ့ မိုင်ဂျာယန်ဒေသဖက်တွေမှာ ဒီလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ နှစ်ဖက်တပ်တွေအကြား ပစ်ခတ်တာတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာဖြစ်တယ်လို့ KIO ဖက်က ပြောဆိုသလို အစိုးရတပ်ဖက်ကတော့ KIO ကစတင်တိုက်ခိုက်လို့ ပြန်လည် ပစ်ခတ်တာဖြစ်ကြောင်း ပြောဆိုတာတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG