သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိုက်ပျိုးရေးမလုပ်နိုင်တဲ့ ကယားဒေသ


ကယား / ကရင်နီပြည်နယ် ဖားဆောင်း မယ်စဲ့ လေကြောင်းထိုးစစ် (Photo: Karenni Generation Youth)
ကယား / ကရင်နီပြည်နယ် ဖားဆောင်း မယ်စဲ့ လေကြောင်းထိုးစစ် (Photo: Karenni Generation Youth)

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီနယ်မှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေတာမို့ မိုးစပါး၊ မြေပဲ၊ ပြောင်းစတဲ့ သီးနှံတွေ စိုက်ပျိုးချိန်တန်နေပေမဲ့ ပုံမှန်လို စိုက်ပျိုးလို့မရ ဖြစ်နေကြပါတယ်။ ဒေသခံထောင်သောင်းချီ စစ်ဘေးလွတ်ရာ ထွက်ပြေးနေကြရတာ၊ စိုက်ပျိုးမြေတွေအပေါ် လက်နက်ကြီးကျတာ၊ လေကြောင်းကနေ ဗုံးကျဲခံရတာတွေကြောင့် စိုက်ပျိုးဖို့ခက်ခဲနေတာဖြစ်တဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အခြေခံပြီး အလိမ္မာက တင်ပြပါမယ်။

ကယားပြည်နယ်ဘက်မှာ အခုလို မိုးရာသီကာလ စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်းနဲ့ အသီးအနှံတွေ စိုက်ပျိုးကြလေ့ရှိပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီး စစ်တပ်နဲ့ လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံတွေ စိုက်ပျိုးရေးလုပ်ငန်းတွေ မလုပ်နိုင်ကြဘူးဖြစ်နေပါတယ်။ လုံခြုံရေးအခြေအနေ တည်ငြိမ်တဲ့ ကျေးရွာလောက်သာ လုပ်ငန်းနိုင်ကြတယ်လို့ ဒေသခံတွေက VOA ကို ပြောပါတယ်။

အရင်က စိုက်ပျိုးရေးလုပ်ကိုင်ကြသူ တော်တော်များများ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာထွက်ပြေး ရှောင်တိမ်းနေရတာ၊ စိုက်ပျိုးရေးလုပ်တဲ့နေရာတွေမှာ ဗုံးဆံကျည်ဆံ မလွတ်တာကြောင့် အခုနှစ် မိုးစပါး လုံးဝမစိုက်ပျိုးနိုင်ဘူးလို့ လွိုင်ကော်မြို့မှာ ခိုလှုံနေရတဲ့ ဒီးမော့ဆို စစ်ဘေးရှောင်တယောက်က ခုလို ပြောပြပါတယ်။

“မနှစ်က စပါးစိုက်ရသေးတယ်။ ဒီနှစ်ဆိုလုံး လုံးဝမစိုက်ရတော့ဘူး။ လက်နက်ကြီး တအားကျတော့လေ လုံးလုံးမစိုက်ရဘူး ဖြစ်သွားတယ်။ လယ်ကျတော့လည်း တပ်စွဲထားတဲ့နေရာမှာ နည်းနည်းနီးခါကျတော့ စိုက်လို့မရတော့ ဖြစ်သွားတယ်ပေါ့။ မစိုက်ရတော့ မြို့ထဲမှာနေတော့ ပိုဆိုးတယ်ပေါ့နော်။ အရင်နှစ်တော့ စိုက်ထားတာတွေတော့ ရှိတယ်၊ ဒါပေမယ့် ဂရုမစိုက်နိုင်တော့လည်း အသီးအနှံ့များများ ထွက်တဲ့ဟာမျိုး မရှိတော့လည်း အဆင်မပြေဘူးပေါ့။”

မနှစ်တုန်းကဆိုလည်း စိုက်ပျိုးထားတဲ့ မိုးစပါး ရိတ်သိမ်းချိန်မှာ တိုက်ပွဲတွေဖြစ်လို့ ဘေးလွတ်ရာကို ထွက်ပြေးကြရတဲ့အတွက် စပါးပင်တွေကို ကောင်းကောင်းမွန်မွန် မပျိုးထောင်နိုင်ခဲ့ကြတဲ့အတွက် အထွက်နှုန်း ကျဆင်းခဲ့ပါတယ်။ တချို့ကဆို စပါးတွေကို လုံးဝမရိတ်သိမ်းဘဲ စွန့်ပစ်ထားခဲ့ကြရတာပါ။ စပါးစိုက်နေချိန် လက်နက်ကြီးကျလို့ မကြာခဏ ထွက်ပြေးခဲ့ကြရတဲ့ အခြေအနေကိုလည်း ဒီးမော့ဆို စစ်ဘေးရှောင်က အခုလို ပြောပြပါတယ်။

“အရင်နှစ်တုန်းကဆိုရင် လယ်ထဲသွားရင်နဲ့ လက်နက်ကြီးရွာထဲ ကျလာတဲ့ဆို ပြန်ပြေးရတဲ့အချိန်ရှိတယ် ခဏခဏ ရှိတယ်၊ အရင်နှစ်တုန်းကဆိုရင်။ ဒီနှစ်လည်း ကျန်နေတဲ့ လူလုပ်တယ်။ အဲ့လယ်လုပ်တဲ့ လူတွေလည်း အဲ့လိုပါပဲ မြေပဲတွေဘာတွေစိုက်တဲ့ လူလည်း အဲ့လိုပဲ လက်နက်ကြီးကျတယ်ဆိုရင် သူတို့အိမ်ကို ပြန်လာ တကယ်လို့ အခြေအနေ နည်းနည်းပြန်ငြိမ်ပြီး တရက်လောက် ပြန်စောင့် မြေပြင်ကို ပြန်သွား အဲ့လိုမျိုးပါပဲ။”

စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ အခုဆို ပိုပြင်းထန်လာနေပြီး တိုက်ပွဲဖြစ်ပွားတဲ့ ဧရိယာလည်း ပိုမိုကျယ်ပြန့်လာနေပါတယ်။ ဒေသခံတော်တော်များများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်လိုက် အခြေအနေငြိမ်သွားရင် နေရပ်ပြန်လာလိုက်နဲ့ အတည်တကျ မဖြစ်တာ အခုဆို ၃ နှစ်ထဲ ဝင်လာနေပါပြီ။ လယ်ယာဧက သုံးသောင်းလောက်ရှိတဲ့ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာ ဒီနှစ်ဆိုရင် ထောင်ဂဏန်းလောက်သာ စိုက်ပျိုးနိုင်တဲ့အကြောင်း ကရင်နီလူ့အခွင့်အရေး တည်ထောင်သူ ကိုဗညားနဲ့ ရွာခံက ဗွီအိုအေကို ပြောပါတယ်။

“သုံးသောင်းနီးပါး စိုက်လို့ရတဲ့ အခြေအနေကနေ ဒီနှစ်က ဧက ထောင်ဂဏန်းလောက်ပဲ ကျန်တော့တယ်ပေါ့နော်၊ ဘာလိို့ဆို အခုစစ်ကောင်စီက ဒီ တနီလားလဲဆိုတဲ့ ကန်ခုနှစ်ဆင့်ရွာမှာ လာထိုင်ချတာတော့ အရင်တုန်းက ဆန်အများဆုံးထွက်တဲ့ အဲ့ဒီအုပ်စုက ဆန်စပါး ဘယ်သူမှမစိုက်နိုင်တော့ဘူးပေါ့နော်။ နောက်ပြီးတော့ ဒီထီးပိုကလိုးအုပ်စုမှာလည်း ဧက တစ်သောင်းကျော်ရှိတဲ့ဟာ အခု လေး၊ ငါး၊ ခြောက်ထောင်လောက်တောင်မှ စိုက်ဖို့မသေချာဘူး။ အရင်က ပြန်စိုက်တဲ့လူတွေကို စစ်ကောင်စီက ၆၀ မမ တွေနဲ့ လှမ်းထုတော့ တစ်ယောက်တောင်မှ ထိခိုက်ဒဏ်ရာရမှုတွေ ရှိတာပေါ့နော်။”

လက်ရှိမြန်မာနိုင်ငံထဲမှာ ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံစားကုန်တွေ အဆမတန် ဈေးနှုန်းတက်နေချိန်မှာ စိုက်ပျိုးရေးပိုင်းမှာလည်း ပဋိပက္ခဒေသတွေမှာ သိသိသာသာ ကျဆင်းနေပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါး သယ်ယူခွင့်ကို စစ်တပ်က ပိတ်ပင်ကန့်သတ်တာကြောင့် စစ်ပြေးဒုက္ခသည်တွေအနေနဲ့ အစားအသောက်အခက်အခဲကို တနေ့ထက် တနေ့ ပိုပြီး ရင်ဆိုင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG