သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွန်ဂိုဒုသမ္မတဟောင်းကို ICC ခုံရုံး ထောင်ဒဏ်စီရင်


အိမ်နီးချင်း ဗဟိုအာဖရိကနိုင်ငံအတွင်း အဓမ္မပြုကျင့်မှုတွေနဲ့ လူသတ်မှုတွေ ဖြစ်ပေါ်အောင် Campaign လုပ်ဆောင်ခဲ့မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ကွန်ဂိုနိုင်ငံ ဒုသမ္မတဟောင်း Jean-Pierre Bemba ကို ICC နိုင်ငံတကာရာဇဝတ် ခုံရုံးက ထောင်ဒဏ် ၁၈ နှစ် ပြစ်ဒဏ် စီရင်လိုက်ပါတယ်။

Bemba အနေနဲ့ ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်အကြား သူ့ရဲ့ ကိုယ်ပိုင်စစ်တပ်က ဗဟိုအာဖရိကနိုင်ငံအတွင်း အဓမ္မ ပြုကျင့်မှုတွေ၊ လူသတ်မှုတွေ၊ လုယက် ဖျက်ဆီးမှုတွေကို သူ့အနေနဲ့ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ဘူးလို့ ဘရာဇီးလ်နိုင်ငံသူ ICC တရားသူကြီး Sylvia Steiner က ပြောပါတယ်။

Bemba အနေနဲ့ ၈ နှစ်ကြာ ထိန်းသိမ်းခံထားရပြီး ဖြစ်တာကြောင့် သူ့အပေါ် အခု ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ထဲက အဲဒီ ၈ နှစ်ကို နှုတ်ပေးသွားမှာ ဖြစ်တဲ့အတွက် သူ့အနေနဲ့ ၁၀ နှစ်သာ ထပ်မံ အကျဉ်းချခံရနိုင်ခြေ ရှိပါတယ်။

Bemba ဟာ ပြီးခဲ့တဲ့ မတ်လအတွင်း စစ်ရာဇဝတ်မှု၊ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စတဲ့ စွဲချက်တွေနဲ့ ICC တရားရုံးက ပထမဆုံးအကြိမ် စီရင်ချက် ချခံခဲ့ရသူလည်း ဖြစ်ပါတယ်။ အဓမ္မပြုကျင့်မှုကို စစ်ရာဇဝတ်ကျူးလွန်အပြင် လူသားတွေအပေါ် ကျူးလွန်မှုအဖြစ် ICC က အခုလို ပထမဆုံးအကြိမ် ပြစ်မှုထင်ရှား တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တခြား နိုင်ငံတကာ တရားရုံးတွေဖြစ်ကြတဲ့ Rwanda နဲ့ ယူဂိုဆလားဗီးယား နိုင်ငံဟောင်းဆိုင်ရာ ကုလသမဂ္ဂ ခုံရုံးတွေက အလားတူ စီရင်ချက်တွေ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

Bemba ဟာ သူ့လက်အောက် ငယ်သားတွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ပထမဆုံးအကြိမ် တိုက်ရိုက် တာဝန်ရှိသူအဖြစ် စွဲချက် တင်ခံရတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG