သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အောက်လွှတ်တော်အမတ်တဦး သေနတ်ပစ်ခံရ


အမေရိကန် လွှတ်တော်အမတ် Stephen Scalise ဒီကနေ့ ပစ်ခတ်ခံရပါတယ်။ ဝါရှင်တန် ဒီစီမြို့တော် အနီး၊ ဗာဂျီးနီးယား ပြည်နယ် အလက်ဇန္ဒြီးယားမြို့မှာ ပစ်ခတ်ခံရတာလို့ ဒေသန္တရ အရေးပေါ် ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

တင်ပါးမှာ သေနတ်ထိမှန်ခဲ့တဲ့ လွှတ်တော် အမတ် Stephen Scalise ရဲ့ အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်လို့လည်း သတင်းတွေက ဖော်ပြကြပါတယ်။ လွှတ်တော်အမတ် Scalise နဲ့ တခြား ရီပတ်ပလီကန် လွှတ်တော် အမတ်တွေက လာမယ့် ကြာသပတေးနေ့ ကစားမယ့် နှစ်ပတ်လည် ဘေစ့်ဘောပွဲ အတွက် လေ့ကျင့်နေကြတာ ဖြစ်ပါတယ်။ အနည်းဆုံး ၅ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

ပစ်ခတ်သူလို့ သံသယ ရှိထားသူကို ဖမ်းဆီးထားပြီလို့ အလက်ဇန္ဒြီးယားမြို့ ရဲအဖွဲ့က တွစ်တာ စာမျက်နှာမှာ ရေးသားပါတယ်။ ပစ်ခတ်မှု ဖြစ်ခဲ့တာကို သမ္မတ Donald Trump ရော ဒုတိယ သမ္မတ Mike Pence ရော သိထားပြီလို့လည်း သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Sean Spicer က ပြောပါတယ်။ ထိခိုက်ကြသူတွေ အတွက် ဆုတောင်း မေတ္တာပို့သပါကြောင်းလည်း တွစ်တာမှာ ရေးသားပါတယ်။

Stephen Scalise က အောက်လွှတော် လူများစု ဦးဆောင်ဆော်သြရေးမှူးဖြစ်ပါတယ်။ တခြား ရီပတ်ပလီကန် လွှတ်တော် အမတ် Mo Brooks လည်း ပစ်ခတ်မှု ဖြစ်ပွားရာမှာ ရှိနေခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ လွှတ်တော် ဝန်ထမ်း တဦးတို့ သေနတ်ထိမှန်ထားပုံ ရတယ်လို့ CNN သတင်းဌာနကို ပြောပါတယ်။

သေနတ်မှန်ခဲ့တဲ့ Stephen Scalise က လမ်းမလျှောက်နိုင်တော့ဘဲ ပစ်ခတ်နေတဲ့ သေနတ်သမားကို ရှောင်ဖို့ ဘေစ့်ဘောကွင်းထဲကနေ ခန္ဓာကိုယ်ကိုယ် တရွတ်ဆွဲပြီး ထွက်ခွာခဲ့ရတယ်လို့လည်း မစ္စတာ Brooks က ပြောပါတယ်။ ပစ်ခတ်ရတဲ့ အကြောင်းရင်းကိုတော့ အခုအချိန်မှာ မသိရသေးပါဘူး။

XS
SM
MD
LG