သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ ဖွဲ့စည်းပုံပြင်ရေး ထောက်ခံမှုတိုးလာ


Burma Constitution
Burma Constitution
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် အတော်လေး
အတားအဆီးဖြစ်စေတဲ့ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲ အမီ ပြင်ဆင်နိုင် မယ့် လက္ခဏာတွေ အခုချိန်မှာ တွေ့နေရပါတယ်။ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခွင့် ရစေမယ့် အခြေခံ ဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်တွေနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် Gabrielle Paluch က စုစည်းထားတာကို မသိင်္ဂ ီထိုက်က ပြောပြပေးမှာပါ။

မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတ အရွေးခံနိုင်ခွင့်အတွက် အခြေခံ ဥပဒေမှာ မဖြစ်မနေ ပြင်ဆင်ရမယ့် အချက်တွေကို လွှတ်တော်က တွန်းအားပေး လုပ်ဆောင်ရမယ့် နောက်ဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီသတင်းပတ်မှာတော့ အဓိကကျတဲ့ နိုင်ငံရေး သမားတွေဆီက အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ထောက်ခံတယ်ဆိုတဲ့ ပြောဆိုချက်တွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း သူတို့က ဘယ်အချက်တွေကို ပြင်ဆင် တာကို ထောက်ခံသလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

အခြေခံဥပဒေထဲက ပုဒ်မ ၅၉ (စ) မှာ သမ္မတ အဖြစ် ဝင်ရောက် အရွေးခံမယ့်သူရဲ့ အိမ်ထောင်ဘက်၊ သားသမီးတွေနဲ့ သူတို့ရဲ့ အိမ်ထောင်ဘက်တွေဟာ နိုင်ငံခြားသား ခံယူထားသူတွေ မဖြစ်ရဘူးဆိုတဲ့ အချက်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့် တားဆီးထားတဲ့ အချက်ပါ။ ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံသား Michael Aris ကို လက်ထပ်ခဲ့သူ ဖြစ်သလို သူ့သား နှစ်ဦး ဟာလည်း မြန်မာနိုင်ငံသား မဟုတ်ကြပါဘူး။ သမ္မတလောင်း ဖြစ်ခွင့်အတွက် နောက်လိုအပ်ချက် တခုကတော့ စစ်ရေးအတွေ့အကြုံ ရှိဖို့ဆိုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ စစ်တပ်ထဲ အမျိုးသမီး စစ်မှုထမ်းခွင့်ကို ဒီမတိုင်ခင်ကအထိ ပိတ်ပင်ထားတာပါ။

နောက်ထပ် သမ္မတ သက်တမ်း အရွေးမခံတော့ဘူးလို့ ပြောဆိုထားတဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန်ကလည်း အခြေခံ ဥပဒေ ပြင်ဆင်ရေး ထောက်ခံတဲ့ အကြောင်း ကြာသပတေးနေ့က နိုင်ငံပိုင် သတင်းမီဒီယာ ကနေ ပြောဆို ခဲ့ပါတယ်။ မြန်မာပြည်သူ အများအပြားကတော့ အရင် စစ်အစိုးရကို ဆန့်ကျင် တွန်းလှန်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်သာသမ္မတ ဖြစ်ခဲ့ရင်တော့ နိုင်ငံရဲ့
ပြုပြင်ပြောင်းလဲရေး အတွက် အောင်မြင်မှု အတိုင်းအတာ တခုဖြစ်လိမ့်မယ်လို့ ယုံကြည်ထားကြတာပါ။

သောကြာနေ့တုန်းကလည်း ရန်ကုန်မြို့လယ်မှာ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသူ ၃၀ လောက်မှာ မမွှေးလည်း ပါဝင်ခဲ့ပါတယ်။

"ကျမတို့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၀ပြည့်နှစ် ကတည်းက ရွေးကောက်ပွဲမှာ သမ္မတလုပ်ဖို့ တင်ထားတာပါ။ အခုထိ သမ္မတ မဖြစ်သေးဘူးလေ။ ၂၀၀၈ဖွဲ့စည်းပုံမှာလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေးကို တင်းကျပ်နေတယ်လို့ထင်ပါတယ်။ ပြည်သူ့ဆန္ဒနဲ့က လုံးဝ မကိုက်ညီဘူး။ ၅၉(စ)နဲ့ (ဃ) ပြင်ချင်တယ်ပေါ့။ တကယ်တော့ အန်တီတို့ ကပြင်ချင်တာက စာအုပ်တအုပ်လုံးပါ။ "

တနလာၤနေ့တုန်းက အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ဗဟိုကော်မတီ အခြေခံ ဥပဒေထဲက အချက် ၅၁ ချက် ကို ပြင်ဆင်ရေး မဲခွဲ ဆုံးဖြတ်ဖို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီအချက်တွေထဲမှာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုနိုင်ဖို့ ပြင်ဆင်မယ့် အချက်တွေလည်း ပါဝင်ခဲ့ပါတယ်။

၂၀၀၈ လူထု ဆန္ဒ ကောက်ယူပွဲနဲ့ အတည်ပြုခဲ့တဲ့ မြန်မာ့ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ကတော့ စစ်သား လွှတ်တော် အမတ် ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့ လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းက ထောက်ခံဖို့ လိုအပ်ပါတယ်။ ဒီ ၂၅ ရာခိုင်နှုန်းသော စစ်သား လွှတ်တော် အမတ်တွေက ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် အရွေးခံခွင့်အတွက် အခြေခံ ဥပဒေ ပြင်ဆင်ရေး ကို ထောက်ခံမလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

အရင်တုန်းကတော့ စစ်သားလွှတ်တော် အမတ်တွေက အခြေခံ ဥပဒေ ပြင်ဆင်ရေးကို မထောက်ခံကြဘူးဆိုပြီး မြန်မာ့ နိုင်ငံရေး သုံးသပ်သူ Richard Horsey က ဆိုပါတယ်။ သမ္မတ ဦးသိန်းစိန်က အခြေခံ ဥပဒေ ပြင်ဆင်ဖု့ိ ထောက်ခံတာက လက္ခဏာကောင်း ဖြစ်ပေမယ့်လည်း သမ္မတ ဦးသိန်းစိန် အနေနဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို အာမခံ မပေးနိုင်ပါဘူးလို့လည်း သူက ပြောပါတယ်။

"ကျနော်တို့မှာ မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ နိုင်ငံရေးမှာ ပါဝင်သူတွေ အားလုံးရဲ့ သဘောဆန္ဒ ကောက်ယူထားချက် ရှိပါတယ်။ ဒီထဲမှာဆိုရင် တချို့ အချက်တွေကတော့ အခြေခံ ဥပဒေပြင်ဆင်ရေးက လိုအပ်ပါတယ်။ ဒါပေမယ့် ဘယ်အချက်တွေကို ပြင်ဖို့ လိုအပ်သလဲဆိုတာနဲ့ အခြေခံ ဥပဒေအသစ်ဟာ ဘယ်လို ဖြစ်သင့်လဲ၊ ဘယ်အချိန်မှာ ပြင်သင့်လဲ ဆိုတဲ့ အချက်တွေကတော့ သိပ်ကို အလှမ်းဝေးနေသေးပါတယ်။ "

အခြေခံဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်တွေထဲမှာ တရားသူကြီးချုပ်နဲ့ တရားရုံးချုပ် တရားသူကြီးတွေကို ဘယ်လို ရွေးချယ်ကြမလဲဆိုတာနဲ့ သူတို့ဟာ ဥပဒေ ရေးရာ အတွေ့အကြုံတွေ ရှိဖို့၊ မရှိဖို့ ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ ဒီအဆိုပြုချက်တွေထဲမှာ အစိုးရ စစ်တပ်နဲ့ အပစ်အခတ် ရပ်ဆဲရေး လုပ်ဆောင်နေကြတဲ့ တိုင်းရင်းသား အဖွဲ့တချို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အမိန့် အာမခံချက်ပေးဖို့လည်း ပါဝင်ပါတယ်။
XS
SM
MD
LG