သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဒ်မ ၄၃၆ ကိုမပြင်တာ လူထုဆန္ဒနဲ့ဆန့်ကျင်


၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည် ဖော်မှုကော်မတီရဲ့ အာက်တိုဘာလ ၂၂ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အရေးကြီးဆုံးဖြစ်တဲ့ ပုဒ်မ ၄၃၆ ကို မပြင်ဘူးလို့ ပြောဆိုလာတဲ့အပေါ်မှာ နိုင်ငံရေးအင်အားစုတွေက ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုလိုက်တာလို့ ုပြစ်တင်ဝေဖန်လိုက်ပါတယ်။

တချိန်တည်းမှာပဲ လွှတ်တော်အတွင်းမှာ လာမယ့်ရွေးကောက်ပွဲမှာ ကျင်းသုံးမယ့် ရွေးကောက်ပွဲ ကိုယ်စားပြု အချိုးကျ ပုံစံအသစ် ပြောင်းလဲဖို့ လုပ်ဆောင်နေတဲ့အပေါ် လူထုဆန္ဒခံယူဖို့ လိုမယ်လို့ အဖွဲ့ချုပ်ဥက္ကဌ က ပြောဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မတီရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာ ထွက်လာအပြီးမှာပဲ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ မလိုဘူးလို့ ပြောဆိုချက်ကို အတိုက်အခံ နိုင်ငံရေးအင်အားစုတွေက ဝေဖန်လိုက်ကြတာပါ။

ပြည်သူ ၅ သန်းကျော်က ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ တောင်းဆိုထားတဲ့ကြားက အခုလို ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အရေးပါတဲ့ ပုဒ်မ ၄၃၆ ကို မပြင်ဘူးဆိုတာဟာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ခြင်း ဖြစ်သလို၊ လွှတ်တော်ဟာ ပြည်သူကို ကိုယ်စားမပြုတဲ့ သဘောလည်း သက်ရောက်တယ်လို့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ဧရာဝတီတိုင်း မဲဆန္ဒနယ်မှာ အနိုင်ရခဲ့တဲ့ ၉၀ အမတ် ဦးဒေးဗစ်လှမြင့် က ပြောပါတယ်။

“တိုင်းပြည်မှာရှိတဲ့ ပြည်သူအများစုက ဒီပုဒ်မ ၄၃၆ ကို ပြင်စေချင်ပါတယ်။ ၄၃၆ ကို မပြင်ခြင်းဟာ ပြည်သူလူထုရဲ့ဆန္ဒကို ဆန့်ကျင်ခြင်းလည်း ဖြစ်ပါတယ်။ ဒီနေ့ ကျနော်တို့ လွှတ်တော်ဟာ ပြည်သူလူထုကို ကိုယ်စားပြုရမယ့် လွှတ်တော်ဖြစ်ပါတယ်။ ပြည်သူလူထုက တင်ပြလာတဲ့ အချက်တွေကို လျစ်လျူရှုပြီးတော့ ၂၅ ရာခိုင်နှုန်းသော စစ်တပ်က ပါဝင်လာတဲ့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခြင်းမရှိတဲ့ ပုဂ္ဂိုလ်တွေကနေပြီးတော့ ပြည်သူလူထုရဲ့ဆန္ဒကို ဖယ်ရှားတာဟာ အင်မတန်မှပဲ ဆိုးရွားတဲ့လုပ်ရပ်တခု ဖြစ်ပါတယ်။ ပြည်သူလူထုကိုလည်း ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်တဲ့ အတွက် ကျနော်တို့အားလုံးက ဒီလိုလုပ်ရပ်မျိုးကို လုံး၀ လက်မခံ၊ ကန့်ကွက်ပါတယ်ခင်ဗျ။”

တိုင်းပြည်မှာ အစိုးရက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲနေတယ်လို့ ပြောပြီးတော့ စစ်တပ်ကလည်း ဒီမိုကရေစီကို ထောက်ခံပါတယ်လို့ပြောရင် ပုဒ်မ ၄၃၆ ပြင်ဆင်တာကို လက်ခံဖို့ လိုမယ်လို့ ၈၈ မျိူးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှု အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ က ပြောပါတယ်။

“အဲတော့ ဒီတိုင်းပြည်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို လုပ်နေတယ်လို့ ပြောရင် တပ်မတော်ကလည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ထောက်ခံပါတယ်လို့ အကြိမ်ကြိမ် ပြောဆိုနေခဲ့တာတွေ ရှိတယ်။ ရှိတယ်ဆိုလို့ရှိရင် အဲ့ဒီ ၄၃၆ ကို ပြင်နိုင်မှပဲ အဲ့ဒီ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဆိုတာ ဖြစ်လိမ့်မယ်လို့ ကျနော် အဲ့လိုပဲ ပြောချင်တယ်။ ပြည်သူလူထုရဲ့ဆန္ဒနဲ့ အညီပဲ ကျနော်တို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုပါတယ်။ ဒီ ပုဒ်မ ၄၃၆ ကို ပြင်ဆင်တယ်ဆိုတာဟာ ပြည်သူလူထု ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေရဲ့ လက်ထဲကို လုပ်ပိုင်ခွင့်အာဏာတွေ ရောက်ဖို့အတွက် ၄၃၆ ကို ပြင်ဖို့ ကျနော်တို့က ပြောတာ။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လုပ်ပိုင်ခွင့်အာဏာ မရှိဘဲနဲ့ ရွေးကောက်ပွဲတွေ လုပ်နေလည်း အလကားပဲလို့ ကျနော် ပြောချင်တယ်။”

လက်ရှိအချိန်မှာတော့ အကောင်အထည်ဖော်ရေး ကော်မတီရဲ့အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးဖို့ အမည်စာရင်းတွေ တောင်းခံပြီး ဒီကိစ္စကို ဆက်ဆွေးနွေးဖို့ ရှိနေတာပါ။ အခုလို ၂၀၀၈ အခြေခံဥပဒေဟာ ဒီမိုကရက်တစ် စံနှုန်းတွေနဲ့ မကိုက်ညီလို့ ပြင်ဖို့ပြောနေချိန် တချိန်တည်းမှာပဲ လူထုဆန္ဒမပါဘဲ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်တရပ်ကို ပုံစံပြောင်းဖို့ ကြိုးစားတာဟာ မသင့်တော်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မနေ့က အောက်တိုဘာလ ၂၇ ရက်နေ့ လွှတ်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် သူမက ရွေးကောက်ပွဲစနစ် ပြင်မယ်ဆိုရင်လည်း ပြည်သူ့ဆန္ဒခံယူဖို့ လိုမယ်လို့ ပြောပါတယ်။

“အရင်တုန်းက နှစ်ပေါင်းများစွာ လက်ခံခဲ့တဲ့စနစ်ကို ပြည်သူတွေက ဘာမကျေနပ်လို့လဲ။ ပြည်သူတွေက ဘာမသင့်တော်ဘူးလို့ ထင်လို့လဲ။ ဘာမှလဲ ကျမတို့က မကြားရဘဲနဲ့ လွှတ်တော်ကပဲ ဆုံးဖြတ်တယ်ဆိုတာဟာ ဒါဟာ ပြောင်းပြန်ဖြစ်နေတော့ ပြည်သူရဲ့ဆန္ဒကို လွှတ်တော်ကနေ ရောင်ပြန်ဟပ်ရမှာ။ လွှတ်တော်ရဲ့ဆန္ဒကို ပြည်သူကနေ ရောင်ပြန်ဟပ်ရမှာ မဟုတ်ဘူး။ ဒီဟာကိုတော့ အားလုံးကနေပြီးတော့ အလေးထားပြီး ဂရုစိုက်ပြီးတော့ အာရုံပြုကြပါ။”

မြန်မာနိုင်ငံရဲ့ ရွေးကော်ပွဲတွေမှာ ရွေးကောက်ပွဲပုံစံ ပြောင်းလဲဖို့ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေတုန်းက တင်ပြခဲ့တဲ့အပေါ်မှာ အခုတခေါက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အကျယ်တဝင့် ဆွေးနွေးလာကြလည်း ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော်မရှင်က ရွေးကောက်ပွဲစနစ် ၈ မျိုးကို တင်ပြခဲ့တာ ဖြစ်ပြီးတာ့ မနေ့နဲ့ ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေမှာ PR နဲ့ ပတ်သက်ပြီး ထောက်ခံသူနဲ့ ကန့်ကွက်သူတွေ အပြန်အလှန် ဆွေနွေးနေကြတာပါ။

ဒီနေ့ ပြည်သူလွှတ်တော် အစည်းအဝေးအတွင်းမှာတော့ PR စနစ် ကျင့်သုံးဖို့ မသင့်တော်ဘူးလို့ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်က ကန့်ကွက်ဆွေးနွေးခဲ့တဲ့အကြောင်း NLD ရဲ့ facebook လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ တင်ပြလာတဲ့ ပုံစံ ၈ မျိုးထဲမှာဆိုရင်တော့ လက်ရှိ ကျင့်သုံးနေတဲ့ FPTP ပုံစံ၊ အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် PR ပုံစံနဲ့ PR နဲ့ FPTP ကို အမျိုးစုံ ပေါင်းစပ်ရောနှောထားတဲ့ ပုံစံတွေဖြစ်တာကို တွေ့ရတယ်လို့ ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ (SNDP) ရဲ့ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။ ဒီပုံစံတွေက ပုံစံတခုကို ရွေးချယ်ပြီးတာ့ ပြည်ထောင်စု လွှတ်တော်မှာ ဆန္ဒမဲခွဲတဲ့ သဘောတွေ ထိရှိလာမယ်လို့ သူက ဆက်ပြောပါတယ်။

“ရှေ့ဆက်ပြီးတော့တော့ သူက ပေးထားတဲ့ option ၈ ခုပေါ့နော် ရွေးချယ်စရာ ၈ ခုထဲကနေပြီးတော့ ၁ ခုကို သူတို့ ရွေးရမှာပေါ့။ ဘယ်ပုံစံကို လုပ်ချင်သလဲ၊ ကြိုက်သလဲဆိုတာဟာကို ရွေးရမှာပေါ့။ အဲ့ဒါ ရွေးပြီးလို့ရှိရင် သူက လွှတ်တော်ဥက္ကဌရဲ့ ပြောပြချက်အရဆိုရင်တော့ ဒါကိုပေါ့ ပြည်ထောင်စုလွှတ်တော်မှာပါ ထပ်ပြီးတော့ ဆန္ဒခံယူမယ်လို့ သိရပါတယ်။”

လက်ရှိ အချိန်မှာဆိုရင်တော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူအများစုက တောင်းဆိုနေကြပြီးတော့ အများသဘောမတူတဲ့ PR ကို အခြေခံထားတဲ့ ရွေးကောက်ပွဲပုံစံ ပြောင်းလဲလာမှာကိုတော့ ကန့်ကွက်ဆန္ဒ ထုတ်ဖော်တာတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG