သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဆွေးနွေးမှုပြီးစီး


မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်
မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ၂၀၀၈ ဖွဲ့စည်းပုံပါ အခန်းတွေအားလုံးကို ဆွေးနွေးပြီးစီးသွားပြီး သတ်မှတ်ရက်အတိုင်း အစီရင်ခံစာ တင်ပြဖို့ ရှိကြောင်း ပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူးက ပြောပါတယ်။ ဒါပေမဲ့လည်း ဖွဲ့စည်းပုံမှာ အဓိကကျတဲ့ အချက်တွေကို ပြင်ဆင်နိုင်မယ့် အလားအလာအပေါ်မှာတော့ မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ ဗုဒ္ဓဟူးနေ့က နေပြည်တော် ပြည်ထောင်စု လွှတ်တော် D ဆောင်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခန်း ၁၅ ခန်းနဲ့ နောက်ဆက်တွဲ ဇယား ငါး ခုကို အပြီးသတ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ပါဝင်တဲ့ အစုအဖွဲ့တွေက အဆိုပြုချက် လေး မျိုး ရှိပြီး ဒီအချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာ တင်ပြသွားမှာ ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။

“တင်ပြချက်က လေး မျိုး ရှိပါတယ်။ တခုကကျတော့ ပြင်ဆင်သင့်တယ်ပေါ့။ ဘယ်လို ပြင်သင့်တယ်ပေါ့။ နောက် တခုက ကျတော့ ပယ်ဖျက်ဖို့ပေါ့။ ပယ်ဖျက်ရန်ပေါ့။ နောက်တစ်မျိုးကကျတော့ အသစ်ဖြည့်စွက်ဖို့ပေါ့နော်။ အသစ်ဖြည့်စွက်ဖို့၊ နောက်ဆုံးတမျိုးကကျတော့ ဒီပုဒ်မကတော့ မူလအတိုင်းပဲ ထားသင့်တယ်ပေါ့လေ။ ဒီတင်ပြချက်တွေ အားလုံးကိုတော့ ကျနော်တို့ စုစည်းပြီးပါပြီ။ ပြီးတဲ့အခါကျရင် ကျနော်တို့ကို ပေးထားတဲ့ တာဝန်အရ ဇူလိုင်လ ၁၇ ရက်နေ့ မတိုင်ခင်ပေါ့။ လွှတ်တော်ကို ကျနော်တို့ ပူးပေါင်းကော်မတီအနေနဲ့ အစီရင်ခံစာ တင်သွင်းသွားဖို့ ဖြစ်ပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ နိုင်ငံရေးပါတီ၊ တပ်မတေ်ာသားနဲ့ တသီးပုဂ္ဂလ စတဲ့ ကိုယ်စားလှယ် စုစုပေါင်း ၄၅ ဦး ပါဝင်ပြီး ဒီနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်ကို တင်ပြမယ့် အစီရင်ခံစာပြုစုရေးနဲ့ ပတ်သက်လို့လည်း ဒေါက်တာမြတ်ဉာဏစိုးက အခုလို ဆက်ပြောပါတယ်။

“ ဒါ အခုလိုပေါ့နော် ဖွဲ့စည်းပုံအခြေခံဥပဒေ တခုလုံးအပေါ်မှာ သုံးသပ်ချက်တွေ ပြီးသွားတယ်ဆိုတာကလည်း အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပြီးတာပါ။ တဦးကောင်း တယောက်ကောင်းမို့လို မဟုတ်ပါဘူး။ ဒီ ၄၅ ဦးလုံး တက်ညီလက်ညီနဲ့ ညီညီညွတ်ညွတ်ဆောင်ရွက်ခဲ့တဲ့အတွက် ပြီးတာပါ။ အဲဒီအတွက်ကြောင့် အစီရင်ခံစာပြုစုတဲ့နေရာမှာလည်း ဒီလိုပဲ အားလုံး ကျနော်တို့ All inclusive ပေါ့နော်။ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ ထင်ပါတယ် ခင်ဗျ။ ”

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှုး ဦးဂင်ကမ်းလျံက လက်ရှိ ပြီးဆုံးသွားတဲ့ ပူးပေါင်းကော်မတီ အစည်းအဝေးတွေအပေါ် အခုလို သုံးသပ်ပြောဆိုပါတယ်။

“တခြားပါတီတွေတော့ မသိဘူး။ ကျနော်တို့ကတော့ အားရပါတယ်။ ကျနော်တို့က မျှော်လင့်နေတာ constitution ပြင်ကို အဓိကထားပြီး တင်လာတာကိုး။ ဒီအစတော့ ပေါ်ပြီဆိုတော့ ဝမ်းသာပါတယ်။ လောလောဆယ် ကျနော်တို့ အဖွဲ့သဘောထား ကိုယ်ဟာကိုယ် တင်ပြတယ်ဆိုတော့ ကိုယ့်အဖွဲ့အနေနဲ့ အားရတာပေါ့။”

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဝူကလည်း ပူးပေါင်းကော်မတီ စည်းဝေးပွဲတွေအပေါ် အခုလို ပြောပါတယ်။

“ကျေနပ်ပါတယ်။ ကျေနပ်မှုရှိပါတယ်။ သူ့ပါတီ ကိုယ့်ပါတီ ဒီလိုပဲ တင်ပြကြတယ်ဆိုတော့လေ တူညီနေတဲ့ဥစ္စာကျတော့ ပေါင်းလိုက်တာပေါ့။ မတူညီတဲ့ဟာကိုကျတော့ ပါတီရဲ့ stand ပေါ့။ ရပ်တည်ချက်အပေါ်မှာပဲ အဲဒီအတိုင်းပဲ ရှိကြတာပါပဲ။ လွတ်လွတ်လပ်လပ် တင်သွင်းလို့ ရတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်သွင်းတဲ့ အစီရင်ခံစာအပေါ်မှာ ပြည်ထောင်စုလွှတ်တော်က အကျေအလည် ဆွေးနွေးပြီးမှသာ ပြင်ဆင်မယ့် အချက်တွေဟာ အတည်ဖြစ်လာမှာ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အများကြီး မျှော်လင့်လို့ မရနိုင်ကြောင်း ပြောပါတယ်။

“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပြည်သူလူထုကို ပေးထားတဲ့ ၂ဝ၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့ ကတိကဝတ်ကို အာဏာရပါတီ ဖြစ်လာတဲ့အချိန်မှာ ထိထိရောက်ရောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဖို့ လုပ်တဲ့ ခြေလှမ်းတစ်ခုလို မြင်ပါတယ်။ ဘယ်လောက်ထိ ခရီးပေါက်နိုင်မလဲ ဆိုတာကတော့ သိပ်ပြီးတော့ကြီးကြီးမားမား မျှော်လင့်လို့ မရနိုင်ဘူးလို့ မြင်ပါတယ်။ သာမန်ပုဒ်မတွေ ပြင်ဖို့ တောင်မှ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ၇၅ ရာခိုင်နှုန်းလိုတဲ့အခါကျတော့ တပ်မတေ်ာသား လွှတ်တော်ကိုယ်စားလှယ်တွေ မထောက်ခံရင် ဘယ်ပုဒ်မကိုမှ မပြင်နိုင်တဲ့ အနေအထားမျိုး ရှိနေပါတယ်။ ”

လက်ရှိ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ဖို့ဆိုရင် အရပ်ဘက်နိုင်ငံရေးခေါင်းဆောင်တွေနဲ့ စစ်ဘက်ခေါင်းဆောင်တွေ အကြား ညှိနှိုင်းဆွေးနွေး သဘောတူညီချက်ရယူပြီး ဆောင်ရွက်မှသာ ပိုမိုထိရောက်နိုင်ကြောင်း သုံးသပ်ထားပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းစဉ်ကလည်း တပ်မတော်နဲ့ နိုင်ငံရေးပါတီတချို့က လွှတ်တော်အတွင်းမှာ ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG