သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခြေခံဥပဒေ လေ့လာ သုံးသပ်ရေးကော်မတီ ပထမဆုံး စည်းဝေး


နေပြည်တော် လွှတ်တော်အစည်းအဝေးခန်းမဆောင် မြင်ကွင်း။
နေပြည်တော် လွှတ်တော်အစည်းအဝေးခန်းမဆောင် မြင်ကွင်း။
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ၂၀၀၈ ခုနှစ်အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ အနေနဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို အတည်ပြုနိုင်ဖို့ဆိုပြီး သြဂုတ်လ ၂၃ ရက် သောကြာနေ့မှာ ကော်မတီဝင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာဖြင့် အဲဒီကော်မတီကို ဖွဲ့စည်းပြီးကတည်းက ဆိုရင် ပထမဆုံးအကြိမ်လုပ်တဲ့ အစည်းအဝေးပါ။ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပထမခြေလှမ်းဖြစ်တဲ့ ဒီကော်မတီအနေနဲ့ ဖွဲ့စည်းပြီး ကတည်းက ဘာလုပ်ဆောင်ချက်မှ မရှိသေးတဲ့အပေါ် ဝေဖန်သံတွေထွက်နေချိန်မှာပဲ ကော်မတီရဲ့ ပထမဆုံး အစည်းအဝေးကို လုပ်ခဲ့ကြတာပါ။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဖွဲ့စည်းထားတဲ့ ၂၀၀၈ အခြေခံဥပဒေ လေ့လာ စိစစ်သုံးသပ်ရေး ကော်မတီဝင်တွေရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို ဒီနေ့ လွှတ်တော် အစည်းးအဝေးတွေ အပြီးမှာ ကျင်းပခဲ့တာပါ။
ပြည်ထောင်စုလွှတ်တော်ကနေ ဒီကော်မတီကို လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေ အတည်ပြုနိုင်ဖို့အတွက် ကော်မတီ အတွင်း ပြင်ဆင်စရာရှိတာတွေကို အဓိက ပြင်ဆင်တဲ့ပွဲဖြစ်တယ်လို့လည်း ကော်မတီအဖွဲ့ဝင် ဦးဝင်းမြင့်က ပြောပါတယ်။

“တာဝန်နဲ့လုပ်ပိုင်ခွင့်တွေနဲ့ ရပိုင်ခွင့်တွေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးမှ ကျနော်တို့က ဆက်လုပ်လို့ရမှာကိုး။ ဒီဟာက ကျနော်တို့က မူကြမ်းကို ကျနော်တို့ ကော်မတီဝင်တွေက သဘောတူတာပဲ ရှိသေးတယ်။ ဒါက အတည်မဖြစ်သေးဘူးလေ။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးမှ ကျနော်တို့က အဲဒီ လုပ်ပိုင်ခွင့်ရမှ ရှေ့ဆက်သွားလို့ ရမှာကိုး။”

ဒီ ကော်မတီကို မူလက လွှတ်တော်ထဲမှာရှိတဲ့ ပါတီတွေက ကိုယ်စားလှယ်တွေရဲ့ အချိုးအတိုင်း ဖွဲ့စည်းပေးခဲ့တာကနေ ဒီကနေ့မှာ ကော်မတီရဲ့ အတွင်းရေးမှူးနဲ့ အထွေထွေအတွင်းရေးမှူးတွေကိုလည်း ရွေးချယ်ခဲ့တယ်လို့ ဦးဝင်းမြင့်ကပြောပါတယ်။

“ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့်တွေ ပေါ့နော်။ ဘုတ်ကော်မတီရဲ့ ဥက္ကဋ္ဌ။ နောက်တစ်ဦးက ဒီနေ့က အတွင်းရေးမှူးနဲ့ တွဲဘက်အတွင်းရေးမှူး ရွေးတာရွေးတာပါ။ အတွင်းရေးမှူးကတော့ ဦးအေးမောက်ပေါ့နော်။ တွဲဘက်အတွင်းရေးမှူးကတော့ အမျိုးသား(လွှတ်တော်) ဘက်က ဦးခင်မောင်ကြည်ပေါ့။”

ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတုန်းက ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့ သူရဦးအေးမြင့်က ဖွဲ့စည်းပုံပြင်ဖို့ လေ့လာရေးကော်မတီတစ်ရပ် ဖွဲ့သင့်တယ်လို့ အဆိုတင်သွင်းခဲ့တာကို ပြည်ခိုင်ဖြိုးပါတီက ဦးသိန်းဇော်က ထောက်ခံပြီး လွှတ်တော်မှာ ကန့်ကွက်သူမရှိဘဲ ကော်မတီတစ်ရပ် ဖွဲသင့်တယ် ဆိုပြီးတော့ လက်ခံခဲ့ကြတာဖြစ်ပါတယ်။
အငြင်းပွားစရာ အချက်အလက်တွေ အများကြီးရှိပြီးတော့ အများက ပြင်ဆင်ဖို့ လိုလားနေတဲ့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ ကို ပြင်ဆင်နိုင်ဖို့ ဒီကော်မတီက လေ့လာသုံးသပ်မှုတွေ ပြုလုပ်ဖို့ အဓိကလုပ်ငန်းတာဝန်မှာ ပါရှိတယ်လို့ အဲဒီကော်မတီထဲမှာပါဝင်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDPရဲ့ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပြောပါတယ်။
“-ကော်မတီက-တဲ့။ ဦးတည်ချက်တွေ တာဝန်တွေ၊ လုပ်ပိုင်ခွင့်တွေ၊ ရပိုင်ခွင့်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ကော်မတီရဲ့ ---- တွေ စပ်လျဉ်းပြီးတော့ မူကြမ်းကို အများသဘောတူညီချက်နဲ့စုပေါင်း ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီးတော့ အတည်ပြုချက်ရယူရမယ်ဆိုတဲ့ တာဝန်ပိုင်းပါတယ်။”

အခုလို လွှတ်တော်အတွင်းမှာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အာဏာရ ပြည်ခိုင်ဖြိုးပါတီကစပြီး တင်ပြခဲ့တာဟာ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူထောက်ခံမှုရအောင် လက်ဦးမှု ယူထားနိုင်ဖို့ ပြုလုပ်တာ ဖြစ်တယ်လို့လည်း ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
အခုလိုပြောဆိုမှုတွေနဲ့ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ ဒု ဥက္ကဋ္ဌ ဦးဌေးဦးက ဖွဲ့စည်းပုံအခြေခံ ပြင်မယ်ဆိုပြီး ပြောဆိုနေတာတွေ တကယ်ပြင်ဖို့လုပ်တဲ့အခါ ကော်မတီတစ်ရပ် ရှိနေအောင်ဖွဲ့စည်းဖို့ လွှတ်တော်တွင်း
ကြိုးစားတာဖြစ်တယ်လို့ ဗွီအိုအေနဲ့ သီးခြားမေးမြန်းမှုမှာ အခုလိုပြောပါတယ်။

“လွှတ်တော်ဆိုတဲ့ဥစ္စာက အဓိကတာဝန်က ဥပဒေပြုစုရေးပဲလေ။ ဒါ့ကြောင့် အရေးကြီးတဲ့ဥပဒေကို တကယ်လို့ တင်လာတယ်ဆိုရင်၊ ရှိလာတယ်ဆိုလို့ရှိရင် ကျနော်တို့က အဆင်သင့်ဖြစ်နိုင်ရင် ပိုကောင်းတာပေါ့။ သီးသီးခြားခြားနဲ့ တကယ်တန်း လွှတ်တော်ကို ကိုယ်စားပြုပြီး ဆောင်ရွက်နိုင်မယ့် ကော်မတီမျိုး ဖြစ်နိုင်တယ်ဆိုရင် ပိုကောင်းတာပေါ့။”

လက်ရှိပြဌာန်းထားတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အရင်စစ်အစိုးရလက်ထက်မှာ ရေးဆွဲပြီး ပြည်သူတွေ နာဂစ်မုန်တိုင်းဒဏ် အကြီးအကျယ် ခံထားရချိန်မှာ ဆန္ဒခံယူပွဲလုပ်ခဲ့တာမို့ အကြီးအကျယ် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ အခုဖွဲ့စည်းလိုက်တဲ့ ကော်မတီကနေ ဖွဲ့စည်းပုံထဲမှာ ဘာတွေ ပြင်ဆင်သင့်တယ်ဆိုတာကို လေ့လာ သုံးသပ်ပြီး အကြံပြုရမှာဖြစ်ပါတယ်။ ပြီးရင်တော့ ဖွဲ့စည်ပုံ ပြင်ဆင်ရေးကော်မတီ ဆိုတာကို ထပ်မံဖွဲ့စည်း အကောင်အထည် ဖော်ရမှာဖြစ်လို့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် အချိန်မီပြင်ဆင်နိုင်ဖို့ဆိုရင် အဆင့်တွေ အများကြီးလိုပါသေးတယ် ခင်ဗျာ။
XS
SM
MD
LG